
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား မျှော်လင့်ချက်အတွက် ဦးဆောင်သူဖြစ်တယ်လို့ ထောက်ခံပြောကြားလိုက်တဲ့ လူဝစ် ဖီဂို
လူဝစ် ဖီဂိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အမြဲတမ်း ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး အစဉ်အမြဲ ခြေစွမ်းကောင်းပြသနေတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ အသက် ၄၂ နှစ်အထိ ကစားနိုင်စွမ်းရှိတယ်လို့ ထောက်ခံခဲ့ပါတယ်။ ဘောလုံးဒီအော ၅ ကြိမ်ရ ရော်နယ်လ်ဒိုဟာ အသက် ၄၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာမှာ ခြေစွမ်းကျဆင်းသွားခြင်းမရှိတဲ့ လက္ခဏာတွေကို ပြသနေပြီး ဒီရာသီမှာလည်း သွင်းဂိုး ၃၀ ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
CR7 ဟာ သူ့နိုင်ငံအတွက်လည်း ၂၁၉ ပွဲ ကစားထားပြီး ၁၃၆ ဂိုး သွင်းယူထားကာ မကြာမီအချိန်အတွင်း နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိပါဘူး။ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင်အနေနဲ့ ရော်နယ်လ်ဒိုဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မျှော်လင့်ထားပါတယ်။
ဖီဂိုက သူ့နဲ့တစ်နိုင်ငံတည်းသားဖြစ်သူရဲ့ ကစားသမားဘဝဟာ အဲဒီအချိန်ထက် ပိုကြာရှည်နိုင်တယ်လို့ မြင်တွေ့နေပြီး မက်ဒရစ်မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ “သူက ကမ္ဘာ့ဖလားမှာ အဓိကကစားသမား ဖြစ်နိုင်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်သူဖြစ်တာကြောင့် ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ ခရစ္စတီယာနိုဟာ စွမ်းဆောင်နိုင်မှု၊ ကျွမ်းကျင်မှု၊ အရည်အချင်းတွေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးအတွက် စံနမူနာတစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။
“ပြီးတော့ သူဟာ အမြဲတမ်း ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ အသက် ၄၀ မှာတောင်၊ အသက် ၄၂ နှစ်မှာတောင် သူ အမြဲတမ်း ဂိုးတွေသွင်းယူနိုင်လိမ့်မယ်။ အခုတော့ အဲဒီဂိုးတွေဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေ ဟုတ်မဟုတ် ကျွန်တော်မသိပါဘူး၊ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့ ပေါ်တူဂီလူမျိုးတွေအတွက်တော့ အဲဒီဂိုးတွေဟာ အမြဲတမ်း အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” လို့ ဖီဂိုက ဆိုပါတယ်။
ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလား ခြေစစ်အောင်ခဲ့ပြီး ရော်နယ်လ်ဒိုဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဆက်လက်ပါဝင်နေမယ်ဆိုရင် သူဟာ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်တွင် ခြောက်ကြိမ်တိုင်တိုင် ပါဝင်ကစားတဲ့ ပထမဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးချွန်တဲ့ ကစားသမားဘဝကနေ အနားမယူမီ နောက်ထပ် စံချိန်တွေ ချိုးဖျက်နိုင်ဖို့ အကြောင်းပြချက်တွေ အများအပြားရှိပါတယ်။
ရော်နယ်လ်ဒိုဟာ အနားယူဖို့ စဉ်းစားခြင်းမပြုခင် သူ့ရဲ့ ကစားသမားဘဝ ဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ဆန္ဒရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိဖို့ မျှော်လင့်ထားကာ အနည်းဆုံး ၂၀၂၆ နွေရာသီအထိ သူ့ကို အသင်းမှာ ဆက်လက်ထိန်းထားမှာ ဖြစ်ပါတယ်။