
ရေပန်းစားမှုဆိုတာ အရေးမပါဘူးလို့ ဆိုလိုက်တဲ့ လူးဝစ်အင်းနရစ်
ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်ခင် အနိုင်ရရှိဖို့ ရေပန်အစားဆုံးဆိုတာကို လက်မခံခဲ့ပါဘူး။ အင်္ဂါနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း လူးဝစ်အင်းနရစ်က “ လီဗာပူးနဲ့ရင်ဆိုင်ရချိန်တုန်းကလည်း ဘွတ်ကီဒိုင်တွေက ကျွန်တော်တို့မှာ အခွင့်အရေးလုံးဝမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဘောလုံးမှာ ရေပန်းအစားဆုံးဆိုတာ မရှိပါဘူး။ ကွာတားဖိုင်နယ်အဆင့်ဆီ ထိုက်ထိုက်တန်တန်တက်လှမ်းလာတဲ့ ကလပ်အသင်းရှစ်ခုဆိုတာပဲ ရှိပါတယ်။ ကျွန်တော်တို့က ကိုယ်လုပ်ရမယ့်အလုပ်တွေ လုပ်သွားပြီး ကွင်းတွင်းမှာ အနိုင်ရလဒ်နဲ့ထိုက်တန်အောင် ကြိုးစားသွားဖို့ပဲ လိုအပ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးဒူအီကလည်း နည်းပြဖြစ်သူရဲ့အဆိုကို အပြည့်အဝထောက်ခံခဲ့ပါတယ်။ အသက်-၁၉ နှစ်အရွယ်ကစားသမားက “ ဒီအဆင့်မှာ အက်စတွန်ဗီလာရှိနေတယ်ဆိုတာ သူတို့နဲ့ ထိုက်တန်လို့ပဲ ဖြစ်ပါတယ်။ ရေပန်းအစားဆုံးအသင်းဖြစ်နေတဲ့အကြောင်း ပြောဆိုရတာ ကောင်းတယ်လို့ မထင်ပါဘူး။ အက်စတွန်ဗီလာဆိုတာလည်း ကစားသမားကောင်းတွေပါဝင်တဲ့ အသင်းကောင်းတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ပီအက်စ်ဂျီနည်းပြအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူဖူးတဲ့ အူးနိုင်းအမ်မရီရဲ့ တကျော့ပြန်ပါရီခရီးစဉ်ကို မြင်တွေ့ရပါလိမ့်မယ်။ လူးဝစ်အင်းနရစ်က “ အူနိုင်းအမ်မရီဆိုတာ နည်းပြကောင်းတစ်ဦးပါ။ အက်စတွန်ဗီလာလည်း အသင်းကောင်းတစ်ခုပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်တာကာလအပိုင်းအခြားမှာ အူနိုင်းအမ်မရီကျေးဇူးကြောင့် သူတို့တွေ တိုးတက်လာခဲ့ပါတယ်။ အက်စတွန်ဗီလာက ကျွန်တော်တို့လိုပဲ စွယ်စုံရကစားသမားတွေပါဝင်တဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ ဘယ်လိုကစားသွားမလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့ သူတို့တွေ အင်အားဖြည့်တင်းခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
စပိန်သားနည်းပြက အသင်းရဲ့ ၁၃ ကြိမ်မြောက်လီဂူးဝမ်းချန်ပီယံဆုကို သိမ်းပိုက်နိုင်ပြီး သုံးရက်အကြာမှာ သူ့ရဲ့ကစားသမားတွေ အာရုံစူးစိုက်မှုလျော့နည်းနေလိမ့်မယ်လို့ မယူဆထားပါဘူး။ လူးဝစ်အင်းနရစ်က “ ပီအက်စ်ဂျီရဲ့ပုံစံကောင်းတစ်ခုကို ဆက်လက်မြင်တွေ့သွားရလိမ့်မယ်လို့ ထင်ပါတယ်။ တူညီတဲ့ စိတ်အားထက်သန်မှု သို့မဟုတ် ဒီထက်ပိုမယ့် စိတ်အားထက်သန်မှုတွေနဲ့ ကစားသွားပါလိမ့်မယ်။ (ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ အသင်းခေါင်းဆောင်မာကွင်ဟို့စ်နဲ့ပတ်သက်လို့) ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ ခွန်အားတွေရှိပါတယ်။ ဘယ်ကစားသမားရှိရှိ၊ မရှိရှိ အသင်းကတော့ ဆက်ရှိနေပါမယ်”လို့ ဆိုပါတယ်။