
တန်ဟက်က ယူနိုက်တက်ကို အကောင်းဆုံး ဦးဆောင်နေတယ်လို့ ပြောကြားလာခဲ့တဲ့ အီဗန်စ်
မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီအစမှာ အခက်အခဲပေါင်းများစွာနဲ့ကြုံတွေ့နေရတဲ့အပြင် ရလဒ်ကောင်းတွေနဲ့ဝေးကွာနေသေးသော်လည်း အသင်းရဲ့ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်က အသင်းနည်းပြ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို အကောင်းဆုံးဦးဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ တန်ဟက်ရဲ့ ပထမဆုံးရာသီမှာ အလားအလာကောင်းတွေပိုင်ဆိုင်ခဲ့သော်လည်း လက်ရှိဒုတိယရာသီမှာတော့ ယူနိုက်တက်ဟာ ၁၉၈၆ ခုနှစ်မှာကြုံတွေ့ခဲ့ဖူးတဲ့ ရာသီအစ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၄ ပွဲရှုံးဆိုတဲ့ မှတ်တမ်းဆိုးကို ထပ်မံကြုံတွေ့ထားရတာဖြစ်ပါတယ်။
ရလဒ်ဆိုးတွေကြောင့် ဖိအားတွေတောက်လျှောက်ကြုံတွေ့ထားရတဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မနက်က ယှဉ်ပြိုင်ခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်မှာတော့ ၀-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် အတော်အတန် အသက်ရှူချောင်သွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အတွက် အနိုင်ဂိုးကို ပထမပိုင်းပြီးကာနီးမှာ နောက်ခံလူ အီဗန်စ်ရဲ့ဖြတ်တင်ဘောမှတစ်ဆင့် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဗော်လီကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ ကာရာဘောင်ဖလားချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်ဖို့ ခရစ္စတယ်ပဲလေ့ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယခုအခါ အသင်းရဲ့ နောက်ခံလူဂျွန်နီအီဗန်စ်က ယူနိုက်တက်ရဲ့အနာဂတ်အတွက် ယုံကြည်ချက်နဲ့ပြန်လာခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ နောက်ခံလူက "ကျွန်တော်က ယူနိုက်တက်နဲ့အတူ အနိမ့်အမြင့်အတက်အကျများစွာကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ထိပ်ဆုံးကိုရောက်ချင်တယ်ဆိုရင်တော့ ဒီလို အချိုးအကွေ့တွေနဲ့ ကြုံတွေ့ရမှာပါပဲ။ ဒီအသင်းက အဆင်မပြေမှုတွေကို အတူတူဖြေရှင်းရင်း ထိပ်ဆုံးကိုရောက်ဖို့ကြိုးစားနေတဲ့ ကောင်းမွန်တဲ့အသင်းတစ်သင်းပါ။ အသင်းရဲ့မန်နေဂျာကလည်း အကောင်းမွန်ဆုံးဦးဆောင်နေပါတယ်။ ကျွန်တော်က ယူနိုက်တက်ရဲ့ပရိသတ်တစ်ယောက်လည်းဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းရဲ့ပွဲတွေကို တောက်လျှောက်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် မနှစ်က ဗိုလ်လုပွဲ ၂ ပွဲအထိပို့ဆောင်ပေးနိုင်ခဲ့တဲ့ မန်နေဂျာရဲ့ဦးဆောင်မှုက တကယ်ကောင်းမွန်တယ်လို့ ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အီဗန်စ်ဟာ ၎င်းရဲ့ယူနိုက်တက်ကစားသမားဘဝ နောက်တစ်ကြိမ်ပွဲထွက်ခွင့်ကို ၈ နှစ်ခွဲ အကြာမှ ပြန်လည်ရရှိလာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အတွက် ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ပြီး ဂိုးသွင်းနိုင်ခဲ့သော်လည်း ကွင်းလယ်ဒိုင်ကတော့ ခွင့်ပြုပေးခဲ့ခြင်းမရှိပါဘူး။
ယူနိုက်တက်အတွက် ၎င်းရဲ့ ပွဲ ၂၀၀ မြောက်အဖြစ်ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသက်-၃၅ နှစ်အရွယ် မြောက်အိုင်ယာလန် ကစားသမားက "တကယ့် ပွဲကောင်းတစ်ပွဲပါပဲ။ ဒီလိုပွဲမျိုးကို တစ်နေကုန်စောင့်မျှော်နေခဲ့တာပါ။ မနေ့က လေ့ကျင့်ရေးအစီအစဉ်မှာကတည်းက ကျွန်တော့်ရဲ့ ပထမဆုံးပွဲထွက်ခွင့်အတွက် စိတ်လှုပ်ရှားနေခဲ့တာပါ။ ဒါပေမယ့် ရာသီကြိုမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာတော့ ဒီထက် ပိုပြီးတော့စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒီညမှာတော့ အဲဒီတုန်းကလောက် စိတ်မလှုပ်ရှားခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်အဆင်သင့်ဖြစ်နေပြီထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယခုပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို အနိုင်ဂိုးသွင်းရှင်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ရရှိခဲ့သော်လည်း ၎င်းက အီဗန်စ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဆက်လက်ပြီး အီဗန်စ်ကို ဒီလိုအဆင့်အတန်းမျိုးကို ပြန်လည်ရောက်ရှိဖို့ စဉ်းစားခဲ့ဖူးလားလို့ မေးမြန်းခဲ့ရာ ၎င်းက "လုံးဝမတွေးဖူးပါဘူး။ အခြားလူတွေကို စိတ်ဓာတ်ကျအောင်ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အသက်-၃၅ နှစ်အရွယ်နဲ့ ဒီလိုအသင်းမျိုးမှာ အခွင့်အရေးရဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ပြီးခဲ့တဲ့နှစ်က ကျွန်တော် ဒဏ်ရာပြဿနာတွေအများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အသင်းက ကျွန်တော့်ကိုတန်ဖိုးထားခဲ့တာကြောင့် အခုလိုအခွင့်အရေးရရှိခဲ့တာပါ။ တစ်ဖက်မှာတော့ အလွန်ဆန်းကြယ်တယ်လို့ခံစားရပေမယ့် တစ်ဖက်မှာတော့ လုံးဝကို ပုံမှန်ဖြစ်တယ်လို့ ခံစားနေရပါတယ်။ အသက်-၃၅ နှစ်ရှိပြီဖြစ်လို့ အကောင်းဆုံးပြန်လာမှုနဲ့အတူ အသင်းကိုကူညီဖို့ပဲ စိတ်ကူးထားပါတယ်။ လူအများကြီးက ဒီလိုမျိုးလုပ်ခွင့်မရကြဘူးလေ။ ဒါကကျွန်တော့်အတွက်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပေမယ့် အောင်မြင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ လက်ရှိအဆင့်က ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် ပြီးပြည့်စုံတယ်လို့ခံစားရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။