The network connection is lost.

Banner Image

ယူရိုပါလိဂ်သရဖူက တော့တင်ဟမ်အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ ပိုစတီကိုဂလူ

၁၇ နှစ်ကြာ ဆုဖလားအောင်ပွဲငတ်မွတ်ခဲ့တဲ့ တော့တင်ဟမ်အတွက် ယူရိုပါလိဂ်ချန်ပီယံဆုက အချိုးအကွေ့အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ပိုစတီကိုဂလူ ယုံကြည်နေပါတယ်။ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်သေချာပေါက်ရရှိစေမယ့် အောင်မြင်မှုတစ်ခုအတွက် လာမယ့်မေ ၂၁ ရက်၊ ဘီလ်ဘာအိုမြို့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခုဖြစ်တဲ့ တော့တင်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စစ်ခင်းသွားကြပါလိမ့်မယ်။

ဒီအသင်းနှစ်ခုလုံးက ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အတော်လေးရုန်းကန်နေရပြီး တန်းဆင်းဇုန်အထက် ကပ်လျက်နေရာတွေမှာ အထက်အောက်ရပ်တည်နေပါတယ်။ ဒါပေမယ့် တော့တင်ဟမ်အတွက် ဆိုးရွားတဲ့ဘောလုံးရာသီကို ကယ်တင်နိုင်ဖို့ အခွင့်အရေးရှိနေသေးပါတယ်။ ပိုစတီကိုဂလူကလည်း ဥရောပအဆင့်အောင်မြင်မှုဟာ ကလပ်အသင်းထိပ်ပိုင်းမှ အောက်ခြေအထိ သက်ရောက်စေနိုင်တဲ့လှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

တော့တင်ဟမ်နည်းပြက “ ဒါက ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအားဖြင့် အလွန်ကြီးကျယ်ခမ်းနားပါတယ်။ ကျွန်တော်လို လူအိုကြီးတစ်ဦးအတွက် အမြဲတမ်းအမှတ်ရနေစေမယ့် နောက်ထပ်ဆုဖလားတစ်လုံးပါပဲ။ ဒါပေမယ့် ကလပ်အသင်းအတွက် ပိုအရေးကြီးပါတယ်။ လူတွေအတွက် လုပ်လိုက်နိုင်တဲ့အရာရဲ့အရေးပါမှုက ကိုယ့်အပေါ်မှာလည်း အမှန်တကယ်သက်ရောက်မှုရှိစေနိုင်တယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်။

ကျွန်တော်ရရှိခဲ့ဖူးတဲ့အောင်ပွဲအများစုက တကယ့်ကိုအရေးပါတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ယူကိုဟားမားဆိုရင် ချန်ပီယံရှစ်မှာ ဗိုလ်မစွဲတာ ၁၄ နှစ်ကြာမြင့်ခဲ့ပါပြီ။ သြတြေးလျကလည်း ဘယ်တုန်းကမှ တိုက်ကြီးအလိုက်ချန်ပီယံဆု မရရှိခဲ့ဖူးပါဘူး။ ဘရစ္စဘိန်းလည်း ဆုဖလားမရရှိခဲ့ဖူးပါဘူး။

ကျွန်တော့်ရဲ့နည်းပြဘဝကနဦးဖြစ်တဲ့ တောင်မဲလ်ဘုန်းအသင်းကလပ်အသင်းလည်း ခုနစ်နှစ်လောက် ဆုဖလားအောင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။ ဆဲလ်တစ်ကတော့ တစ်နှစ်ပဲရှိသေးပေမယ့် စကော့တလန်မှာဆိုရင်တော့ အလွန်ကြာမြင့်နေပါပြီ။ သူတို့တွေက ကာလရှည်ရယူထားနိုင်တဲ့အရာကို ပြန်လည်လွှမ်းမိုးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကလပ်အသင်းရဲ့လွန်ခဲ့တဲ့နှစ် ၂၀ စာ သမိုင်းကြောင်းနောက်ခံကို ပြန်ကြည့်လိုက်မယ်ဆိုရင် လူတွေက ဒီကလပ်အသင်းကို ဘယ်လိုမြင်သလဲဆိုတာနဲ့ ကျွန်တော့်အတွေးထဲမှာ အရေးအကြီးဆုံးအရာဖြစ်တဲ့ ဒီကလပ်အသင်းကိုယ်တိုင်ရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှုမြင်သလဲဆိုတာအတွက် ယူရိုပါလိဂ်အောင်ပွဲက အချိုးအကွေ့တစ်ခုလို ဖြစ်လာမယ်လို့ ခံစားမိပါတယ်။

အဆုံးသတ်ပန်းတိုင်ဆီ မရောက်ရှိလာခင်အချိန်အထိ ကိုယ်ဘာတွေပဲ ပြီးမြောက်အောင်မြင်လာပါစေ၊ လူတွေက ကိုယ့်ကို အောင်မြင်နေပြီလို့ မသတ်မှတ်ပေးပါဘူး။ ယေဘုယျအားဖြင့် ကျွန်တော်တို့ဘဝနဲ့ ဘောလုံးပွဲတွေမှာလည်း ဒီအချက်က ကိုယ်ဘယ်မှာရှိနေသလဲဆိုတာ လူတွေအကဲဖြတ်လာချိန် အရေးအကြီးဆုံးစံနှုန်းတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။

တော့တင်ဟမ်က ၁၉၈၄ ယူအီးအက်ဖ်အေဖလားအောင်ပွဲနောက်ပိုင်း ဥရောပအဆင့်အောင်ပွဲတွေနဲ့ ဝေးကွာခဲ့သလို ၂၀၀၈ ခုနှစ်၊ လိဂ်ဖလားအနိုင်ရရှိပြီးနောက် ဆုဖလားအောင်ပွဲတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ သူတို့တွေက ၂၀၁၉ ချန်ပီယံလိဂ်ဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပေမယ့် လီဗာပူးကို အရေးနိမ့်ခဲ့သလို လွန်ခဲ့တဲ့နှစ်နှစ်၊ လိဂ်ဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။