
ယူရိုပါလိဂ် ဆုတံဆိပ် ချီးမြှင့်ခံရနိုင်တဲ့ တန်ဟက်
ယခုနှစ်ယူရိုပါလိဂ်ဆုဖလားကို မန်ချက်စတာယူနိုက်တက်သာ ဆွတ်ခူးနိုင်ခဲ့ပါက အသင်းရဲ့နည်းပြဟောင်း အဲရစ်တန်ဟက်အနေနဲ့လည်း ဆုတံဆိပ်တစ်ခု ချီးမြှင့်ခံရနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်အတွင်း ဒုတိယအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။
တကယ်လို့ ယူနိုက်တက်အနေနဲ့ ဗိုလ်လုပွဲမှာ အနိုင်ရရှိပြီး ယူရိုပါလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါက ဆုတံဆိပ်စုစုပေါင်း အခု ၅၀ လက်ခံရရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းဟာ အဆိုပါဆုတံဆိပ်တွေထဲမှ တစ်ခုကို တန်ဟက်အား ပေးအပ်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ကို ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ တန်ဟက်ဟာ ယခုနှစ်ရာသီအစက ယူရိုပါလိဂ်ပွဲစဉ်တွေမှာလည်း ၃ ပွဲအထိ မရှုံးအောင် ကိုင်တွယ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဘက်က တန်ဟက်ရဲ့စွမ်းဆောင်ချက်အပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ဆုတံဆိပ် ပေးအပ်ချီးမြှင့်လိုနေတာဖြစ်ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့တန်ဟက်ဟာ မကြာမီမှာပဲ ဘောလုံးလောကထဲသို့ပြန်လည်ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။ နယ်သာလန်သားနည်းပြဟာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဇာဘီအလွန်ဆိုရဲ့နေရာကိုဆက်ခံပြီး လေဗာကူဆင်ကို ကိုင်တွယ်သွားနိုင်ချေရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
လာမယ့် သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ကစားသွားရပါမယ်။