The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်အတွက် အရေးပါတဲ့အဓိကအချက်တွေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အီလီ‌ယော့

လီဗာပူးအသင်းရဲ့ လူငယ်တောင်ပံကစားသမားလေး ဟာဗေးအီလီယော့ မန်ချက်စတာစီးတီးနဲ့ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်နဲ့ပတ်သက်ပြီး အရေးပါတဲ့အချက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အီလီ‌ယော့က အန်ဖီးလ်ကွင်းဟာ ယာဂင်ကလော့ပ်အတွက် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကို အဆုံးသတ်နိုင်မယ့် သတ်ကွင်းတစ်ခုဖြစ်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် တောင်ပံကစားသမားဟာ ယခုပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အိမ်ကွင်းအားသာချက်ကလည်း အရေးပါတဲ့ ကွာခြားချက်ဖြစ်နေတယ်ဆိုတာကို ထောက်ပြပြောဆိုခဲ့ပါတယ်။ 

ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဓိကပြိုင်ဘက်တွေအဖြစ် မကြာခဏ ပြိုင်ဆိုင်ခဲ့ရပြီး ရာသီကုန်ရမှတ်တွေကလည်း ၉၂ မှတ်နဲ့ အမှတ် ၁၀၀ အကြားရရှိအောင်စွမ်းဆောင်ထားနိုင်ကြတာဖြစ်ပါတယ်။ 

ယခုအချိန်ကတည်းက ဂန္ထဝင်နည်းပြနှစ်‌ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပြီး မန်စီးတီးအနေနဲ့ အန်ဖီးလ်ကွင်းမှာတော့ ရုန်းကန်ရဖို့ များနေတာဖြစ်ပါတယ်။ 

ယခုအခါမှာ အီလီယော့က မန်နေဂျာ ၂ ယောက်စလုံးကို ကမ္ဘာ့အဆင့်တွေဖြစ်တယ်လို့ တံဆိပ်ကပ်ခဲ့ပေမယ့် ကလော့ပ်အနေနဲ့ ၉ နှစ်ကြာနေထိုင်ခဲ့တဲ့ လီဗာပူးကနေ ထွက်ခွာကာနီးမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုနဲ့အတူ ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာလုပွဲမှာ အသာရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ 

အီလီယော့က "ကမ္ဘာ့အဆင့် နည်းပြနှစ်ယောက်ရဲ့ထိပ်တိုက်တွေ့ဆုံမှုပါ။ ဒါပေမယ့် ဒီပွဲကို ကျွန်တော်တို့အိမ်ကွင်းမှာ ကစားမှာဆိုတော့ ကျွန်တော်တို့နောက်မှာ  ပရိသတ်တွေရဲ့ အားပေးမှုက ပိုပြီးများနေမှာပါ။ သူတို့က သွေးပူလေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာကတည်းက ကျွန်တော်တို့နောက်မှာ အားပေးနေမှာဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ အားပေးမှုဆိုတာ မရှိတော့ပါဘူး။ ကျွန်တော်တို့ အဆင့်သင့်ဖြစ်နေဖို့ပဲလိုပါတယ်"

"မန်စီးတီးနဲ့ကစားရမှာဖြစ်လို့ ခက်ခဲမှာတော့အမှန်ပါပဲ။ ကျွန်တော်တို့ဒါကိုသိထားပါတယ်။ ဒါပေမယ့် ဒီပွဲကို အခြားပွဲတွေထက် ကြီးကြီးမားမားကြီးကွာခြားတဲ့ပုံစံမျိုးဖြစ်အောင်လုပ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အရမ်းတွေးမနေဘဲ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တောင်ပံကစားသမားက "ဒီပွဲကို ကျွန်တော်တို့ ကစားနေကျပုံစံအတိုင်းပဲ ကစားဖို့လိုပါတယ်။ အန်ဖီးလ်ထဲမှာ ကျွန်တော်တို့ ကစားတဲ့ပုံစံအတိုင်းပေါ့။ ဒီလို ကစားတာက ကျွန်တော်တို့ကို အများကြီးအကူအညီဖြစ်စေမှာသေချာပါတယ်။ သူတို့က အသင်းကြီးတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အသင်းကြီးပါပဲ။ ကျွန်တော်တို့ ကိုယ့်အကြောင်းကိုယ်တွေးနေဖို့ပဲလိုပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပါတာပရာဂူးကို ၁-၅ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာလည်း ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ အီလီယော့က "မန်စီးတီးနဲ့ပွဲစဉ်က ခက်ခဲမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သူတို့မှာရှိနေတဲ့လူစာရင်းနဲ့ စွမ်းဆောင်ရည်ကိုကြည့်လိုက်ပါ။ မယုံနိုင်ရာကောင်းတဲ့ အသင်းတစ်သင်းပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ်ပြောနေစရာတော့မလိုပါဘူး။ ကျွန်တော်တို့ ဒီပွဲကိုလည်း သာမန်ပွဲတစ်ပွဲလိုပဲ ခံယူထားပါတယ်။ ဒါကြောင့် စိတ်ပူနေတာမျိုးမရှိဘဲ ထုံးစံအတိုင်း အကောင်းဆုံးလုပ်သွားမှာပါ။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ပဲလိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။