
မန်စီးတီးကို သူ့ရဲ့ဂိုးနဲ့အနိုင်ရခဲ့လို့ အသက်မရှူနိုင်လောက်အောင် ပျော်ရွှင်မိကြောင်း ဖွင့်ဟလာတဲ့ အီဇီ
ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်ကြယ်ပွင့် အီဘရီချီအီဇီက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို သူ့ရဲ့အဆုံးအဖြတ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အသက်မရှူနိုင်လောက်အောင် ပျော်ရွှင်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အီဇီဟာ ခရစ္စတယ်ပဲလေ့စ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန် ၁၆ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး အက်ဖ်အေဖလား ချန်ပီယံဖြစ်ဖို့ လုံလောက်စေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အီဇီ ကမ္ဘာ့အဆင့် မန်စီတီးလိုအသင်းကို အနိုင်ရခဲ့လို့ အသင်းဖော်တွေကို ချီးကျူးခဲ့ပြီး သူ့ရဲ့ ပျော်ရွှင်မှုကိုလည်း ထုတ်ဖော်ဝေမျှခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်က "ကျွန်တော် ပျော်လွန်းလို့ အသက်တောင်မရှူနိုင်ပါဘူး။ မန်စီးတီးက ဘောလုံးကိုင်ဆော့တာ အရမ်းကောင်းတဲ့အသင်းပါ။ သူတို့ဆီကနေ တစ်ခုခုပြန်ရဖို့ဆိုရင် အရမ်းရုန်းကန်ရပါတယ်။ ဒါကြောင့် ရသမျှအခွင့်အရေးကို အသုံးချဖို့ ကြိုးစားရပါတယ်"
"ဒီလိုနေရာရောက်ဖို့ ကျွန်တော်တို့ အဝေးကြီးကနေ ခက်ခက်ခဲခဲလာခဲ့ရပါတယ်။ အခုချိန်မှာ စကားအမှားတွေ ပြောမိရင်လည်း စိတ်မရှိပါနဲ့။ ဒီဆုဖလားကို ဆွတ်ခူးနိုင်တာ အရမ်းပျော်ဖို့ကောင်းပါတယ်။ ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး။ ဘုရားရဲ့ကျေးဇူးတွေပါပဲ"
"ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် နှစ်အကြာကြီးရပ်တည်ခဲ့တဲ့အသင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဘုရားရဲ့ကျေးဇူးကြောင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ကျူပီအာမှ ခရစ္စတယ်ပဲလေ့စ်သို့ စတင်ရောက်ရှိခဲ့တဲ့ အီဇီဟာ ယခုအခါမှာတော့ အသင်းရဲ့ အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပြီး ပရိသတ်အချစ်တော် ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ယခုရာသီ အက်ဖ်အေဖလားပြိုင်ပွဲမှာ အီဇီဟာ စုစုပေါင်း ၄ ဂိုးအထိသွင်းယူပြီး ဂိုးဖန်တီးမှုလည်း ၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။