ဂူရက်စီအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ လက်ခံပေးသွားဖို့မရှိတဲ့ ဒေါ့မွန်
ဒေါ့မွန်အသင်းက တိုက်စစ်မှူးဂူရက်စီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ရပ်တန့်ပစ်လိုက်ပြီး ဒီတိုက်စစ်မှူးကို အသင်းမှထွက်ခွာခွင့်ပေးဖို့ ဆန္ဒလုံး၀မရှိဘူးလို့ သိရပါတယ်။
ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေ ပိုမိုထွက်ပေါ်နေပေမဲ့လည်း ဘွန်ဒက်စ်လီဂါကလပ်က ရာသီသစ်မှာ သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ဆက်ထိန်းထားဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ပါတယ်။
ဒေါ့မွန်မန်နေးဂျင်းဒါရိုက်တာရစ်ကန်ကတော့ကလည်း ဂူရက်စီ အမြန်ဆုံးထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ချက်ချင်းငြင်းဆိုခဲ့ပြီး အသင်းရဲ့သဘောထား အပြောင်းအလဲမရှိဘူးလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ဆီမှာ ဂူရက်စီအတွက် ဘာကမ်းလှမ်းမှုမှ မရှိပါဘူး။ သူ့ကို ထွက်ခွာခွင့်ပြုဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ဒေါ့မွန်အသင်းအတွက် သူ့ရဲ့တန်ဖိုးကို အကောင်းဆုံးသက်သေပြနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်"လို့ ရစ်ကန်က ဆိုပါတယ်။
ဖီနာဘာချီအသင်းရဲ့စိတ်ဝင်စားမှုက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပိုမိုပြင်းထန်လာခဲ့ပြီး ဒီတိုက်စစ်မှူးကို ခေါ်ယူလိုတဲ့ ဆန္ဒရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒေါ့မွန်အသင်းတာဝန်ရှိသူတွေကတော့ အခုလို လူသိရှင်ကြားကြိုးပမ်းနေမှုတွေအပေါ် တုန်လှုပ်ခြင်းမရှိဘူးလို့ သိရပါတယ်။
ဖီနာဘာချီဥက္ကဋ္ဌရွေးကောက်ပွဲဝင်၊ ကိုယ်စားလှယ်လောင်း အဇစ်ယီလ်ဒီရင်မ်ရဲ့ ရွေးကောက်ပွဲအနိုင်ရရင် ဂူရက်စီကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းပေးမယ်ဆိုတဲ့ ပြောဆိုမှုအပြီး အခုလိုကောလာဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။