
ရီးရဲလ်မက်ဒရစ်ကို ယုံကြည်ချက်အပြည့်နဲ့ရင်ဆိုင်သွားမယ်လို့ ဒေါ့မွန်နည်းပြ အခိုင်အမာပြော
ဒေါ့မွန်နည်းပြ နီကို ကိုဗက်က ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ဟာ အလွန်ခက်ခဲမှာဖြစ်ပေမယ့် ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်သွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဒေါ့မွန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုကတွေ့ဆုံခဲ့ပြီး ထိုစဉ်တော့ ၂-၀ နဲ့အရေးနိမ့်က ဆုဖလားနဲ့ လွဲခဲ့ရဖူးပါတယ်။ ဒါကြောင့် ယခုတစ်ခေါက်ပြန်လည်တွေ့ဆုံချိန်မှာတော့ဒေါ့မွန်အနေနဲ့ ရှုံးကြွေးကို ပြန်လည်ပေးဆပ်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာဒေါ့မွန်ဟာ ရလဒ်ကောင်းတွေ တောက်လျှောက်ဖော်ဆောင်ထားပြီး နောက်ဆုံး ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။ သို့သော်လည်း ယခုအခါမှာ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးနဲ့ရင်ဆိုင်သွားရမှာဖြစ်လို့ ဒေါ့မွန်အနေနဲ့ ရလဒ်ကောင်းရရှိဖို့ သေချာပေါက်ရုန်းကန်သွားရမှာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ကိုဗက်က "ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးနဲ့ရင်ဆိုင်ရမှာ ဘယ်လောက်ခက်တယ်ဆိုတာ ကစားသမားတွေ သေချာသိကြပါတယ်။ ရီးရဲလ်နဲ့ယှဉ်လိုက်ရင် ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အောက်ခြေအသင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကိုလည်း ပြသနိုင်ဖို့ကြိုးစားသွားမှာဖြစ်လို့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ဒေါ့မွန်ဟာ တစ်ပွဲမှအနိုင်မရခဲ့သလို နောက်ဆုံး ၄ ကြိမ်စလုံးရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကိုဗက်ကတော့ "ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရာမှာ ယုံကြည်ချက်အမြင့်ဆုံးထားရပါမယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၄ ရခဲ့ပါတယ်။ ခက်ခဲတဲ့အသင်းတွေနဲ့ ဘယ်လိုကစားရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်"
"ကျွန်တော်တို့ အသင်းကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကစားသမားတွေအားလုံး အသင်းကြီးတွေနဲ့ကစားရတဲ့ပုံစံကို သိထားပြီးသားပါ။ ဒါကြောင့် မနက်ဖြန်ပွဲမှာ ဘာလုပ်ရမယ်ဆိုတာ သူတို့ကောင်းကောင်းသိနေမယ်လို့ ယုံကြည်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။