
ဘောလုံးကစားဖို့ထက် ဂေါ့ဖ်ရိုက်ခြင်းနဲ့သာ ပိုပြီးသင့်လျော်တဲ့ MetLife Stadium လို့ ဒေါ့မွန်နည်းပြကိုဗက် ဝေဖန်
ဒေါ့မွန်နည်းပြနီကိုကိုဗက်ရဲ့အမြင်မှာတော့ MetLife Stadium ကွင်းကို ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုထက် ဂေါ့ဖ်ကွင်းအဖြစ်သာ အသုံးပြုဖို့ ပိုသင့်လျော်မယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် နယူးယောက်ဒေသရဲ့ နွေရာသီအပူချိန်ကလည်း အဆင့်အတန်းမြင့်ဘောလုံးပြိုင်ပွဲတွေနဲ့ သင့်လျော်မှု မရှိဘူးလို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အပြီး ကိုဗက်က “ ဒါက ဂေါ့ဖ်ကွင်းတစ်ခုလိုဖြစ်နေလို့ ဒီကွင်းမှာ ဂေါ့ဖ်ကစားနိုင်ပါတယ်။ ကွင်းက အရမ်းညံ့ပါတယ်။ ဒါ့အပြင် အခြားကွင်းနှစ်လိုပဲ ကွင်းရဲ့မြက်ခင်းပြင်တွေက ဘွန်ဒက်စ်လီဂါမှာ ကျွန်တော်တို့ အသုံးပြုနေကျပုံစံမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒေါ့မွန်က ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို MetLife Stadium မှာ ကစားခဲ့ရပါတယ်။ ဒီကွင်းမှာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ခုနဲ့ ဖိုင်နယ်ပွဲစဉ်၊ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတို့ကို ကျင်းပသွားနိုင်ဖို့ စီစဉ်ထားပါတယ်။ ဂျာမန်ကလပ်အသင်းက သူတို့ရဲ့ပွဲစဉ်နှစ်ခုကို စင်စီနတီမြို့ရှိ TQL ကွင်းနဲ့ ၁၆-သင်းရှုံးထွက်ပွဲစဉ်ကို အတ္တလန်တာမြို့ရှိ Mercedes-Benz ကွင်းမှာ ကစားခဲ့ပါတယ်။ ကိုဗက်က “ ခင်ဗျားတို့လည်း မြင်တွေ့နေရတာပါပဲ။ ပြောရမယ်ဆိုရင် ကွင်းမျက်နှာပြင်ရေဖြန်းစနစ်က အဆင်မပြေပါဘူး။ အဆင်ပြေအောင်လုပ်နိုင်ဖို့အတွက်လည်း ပစ္စည်းကိရိယာတွေ မရှိပါဘူး။ ကွင်းမျက်နှာပြင် ခြောက်သွေ့လွန်းနေပုံက ယုံကြည်နိုင်စရာတောင် မရှိပါဘူး။ ကွင်းမျက်နှာပြင် စေးကပ်နေပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့နွေရာသီကာလ အပူချိန်နဲ့ပတ်သက်လို့ “ ဒီနေ့ဆိုရင် ကျွန်တော်တို့တွေ အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယက်အောက်မှာ ကစားခဲ့ရပါတယ်။ OK. ဒီပွဲစဉ်က ကျွန်တော်တို့ကစားဖို့ လိုအပ်နေတဲ့ ပွဲစဉ်ပေါ့။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ ပွဲချိန်တွေကို နည်းနည်းလေးနောက်ဆုတ်ပေးဖို့ လိုအပ်ပါတယ်။ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်နေလို့ပါ။ ဘောလုံးပွဲကြည့်ရှုသူပရိသတ်တစ်ဦးအဖြစ် အကြိတ်အနယ်၊ အင်တိုက်အားတိုက် အပြန်အလှန်ကစားနေတဲ့ ပွဲစဉ်မျိုးကို ကြိုက်နှစ်သက်ပါတယ်။ အရမ်းပူပြင်းတဲ့ အချိန်ကာလမျိုးမှာတော့ အဲ့ဒီလိုပုံစံမျိုးကစားဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်”လို့ အကြံပြုပါတယ်။ ဖီဖာဘက်ကတော့ နီကိုကိုဗက်ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်လာတာမျိုး မရှိသေးပါဘူး။