မန်စီးတီးမှ ကူတိုနဲ့ ဘရိုက်တန်မှ ဂရော့စ်တို့ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဒေါ့မွန်
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ ဒေါ့မွန်ဟာ နွေရာသီအတွင်းမှာ အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ယခုအခါမှာတော့ ဘရိုက်တန်ကွင်းလယ်လူ ပါစကယ်ဂရော့စ်ကို ယူရို ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို မန်းစီးတီးညာနောက်ခံလူ ကူတိုကိုလည်း အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်နေပြီဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့ ဂရော့စ်ကို ခေါ်ယူဖို့က အလွယ်တကူအပြီးသတ်နိုင်ပေမယ့် ကူတိုကိုခေါ်ယူနိုင်ဖို့ဆိုရင်တော့ အနည်းငယ်ရှုပ်ထွေးမှုတွေရှိနေတယ်လို့သိရပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ ဂျီရိုနာသို့ ၃ နှစ်အထိ အငှားနဲ့သွားရောက်ကစားထားတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားကို အပြီးသတ်ရောင်းချဖို့သာစိတ်ဝင်စားနေတာဖြစ်ပါတယ်။ တကယ်လို့ ဒေါ့မွန်က အငှားနဲ့ခေါ်ယူဖို့သာ ဆက်လက် ဖိအားပေးနိုင်ခဲ့မယ်ဆိုရင်တော့ ဘရာဇီးသားကို ချက်ချင်းပဲရောင်းချလိုနေတဲ့မန်စီးတီးအနေနဲ့ အပြီးသတ်ပြောင်းရွှေ့ကြေးကိုလည်း ညှိနှိုင်းပေးသွားနိုင်ချေရှိပါတယ်။ ဒါ့အပြင် သတင်းတွေအရ ကူတိုကလည်း ဒေါ့မွန်သို့ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ချိန်မှာပဲ ချိတ်ဆက်နိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။
ဂရော့စ်ကတော့ ၂၀၁၇ ခုနှစ်မှာ ဘရိုက်တန်သို့ စတင်ရောက်ရှိခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်အောင်စွမ်းအောင်ပေးနိုင်ခဲ့ပါတယ်။ အသက်-၃၃ နှစ်အရွယ် ကစားသမားဟာ ဘရိုက်တန်အတွက် စုစုပေါင်း ၂၆၁ ပွဲအထိ ကစားထားပြီး ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးကာလတွေကို ပုံဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ထားနိုင်တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်း ဘွန်ဒက်စ်လီဂါဖလားကို ပထဆုံးအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက် ဒေါ့မွန်ဟာ အသင်းကို အင်အားဖြည့်တင်းနေပြီး ကစားသမားအများအပြားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ ဒေါ့မွန်ဟာ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံးစိန်ခေါ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံခရီးမှပြန်လာပြီးနောက် ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံသို့ရောက်ရှိနေတဲ့ဒေါ့မွန်အနေနဲ့ နည်းပြသစ် နူရီဆာဟင်ရဲ့ လက်အောက်မှာ ဘယ်လောက်အထိလုပ်ပြသွားနိုင်မလဲ နောက်ရာသီမှာ စောင့်ကြည့်ရပါမယ်။