The network connection is lost.

Banner Image

နည်းပြသစ်အန်းစလော့နဲ့လက်တွဲလုပ်ကိုင်ရမှုအတွေ့အကြုံကို ရှင်းရှင်းလင်းလင်းပြောပြလာတဲ့ မိုဆာလက်

လီဗာပူးကြယ်ပွင့်မိုဆာလက်က အခုရာသီ၊ အန်ဖီးလ်မှာ နည်းပြအန်းစလော့နဲ့ လက်တွဲရမှုအပေါ် သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှလာခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ထိပ်တန်းစွမ်းဆောင်ရည်မျိုးပြသနေပြီး  ကလပ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယားဦးဆောင်သူဖြစ်လာနိုင်ရေး ကူညီပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအောင်မြင်မှုမျိုးစုံကို လီဗာပူးနည်းပြဘ၀ ကိုးနှစ်တာကာလအတွင်း ရယူပေးနိုင်ခဲ့တဲ့ ယာဂန်ကလော့ပ်က အန်ဖီးလ်ပရိသတ်တွေရဲ့အသည်းကျော် ဖြစ်ခဲ့ဖူးပါတယ်။၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်၊ သူ့ရဲ့ထွက်ခွာသွားမှုနဲ့အတူ အန်းစလော့ အစားထိုးရောက်ရှိလာမှုက အန်ဖီးလ်ရပ်ဝန်းအတွင်း မရေရာမှုများစွာ ဖြစ်စေခဲ့ပါတယ်။

TNT Sports နဲ့ လတ်တလောအင်တာဗျူးအစီအစဉ်မှာတော့ ဒတ်ချ်နည်းပြလက်အောက် တောက်ပတဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားနိုင်တဲ့ မိုဆာလက်က အန်းစလော့နဲ့ လက်တွဲလုပ်ကိုင်ရတဲ့အတွေ့အကြုံကို ဖွင့်ဟပြောပြခဲ့ပါတယ်။ သူက ဖီယင်နုနည်းပြဟောင်းကို ဒီလောက်အထိကောင်းမွန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြောင်း ဝန်ခံလိုက်ပြီး အမှားအယွင်းကျူးလွန်မိရင်တောင် အမှန်ပြန်ပြင်လိုတဲ့ အန်းစလော့ရဲ့စိတ်ထားပိုင်းကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မိုဆာလက်က “ အန်းစလော့နဲ့အတူ လက်တွဲမလုပ်ရသေးခင်အထိ သူက ဒီလောက်အထိတော်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒီနောက်မှာ ကျွန်တော်တို့တွေ အတူတကွအလုပ်လုပ်ကိုင်ခဲ့ပြီး ကျွန်တော်လည်း သူ အဲ့လောက်အထိ တော်နေတဲ့အချက်ကို မအံ့သြမိတော့ပါဘူး။ အန်းစလော့က အသေးစိတ်အချက်အလက်တွေကအစ ဂရုစိုက်တက်သလို အမှားလုပ်မိတဲ့အချိန်မျိုးမှာလည်း မာနကြီးနေတာမျိုး မရှိပါဘူး။ နည်းစနစ်ပိုင်းမှာလည်း အန်းစလော့က အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်နေပြီဆိုပေမယ့် မိုဆာလက်ကတော့ အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် အတော်လေးအကျိုးပြုထားပါတယ်။ အသက်-၃၂ နှစ်အရွယ်ကစားသမားက ကြိုးကြာနီတွေအတွက် လိဂ် ၁၈ ပွဲကစားပြီးချိန်၊ ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုပြေးလမ်းမှာရော၊ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာပါ ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ ဒါ့အပြင် ရိုးမားတိုက်စစ်မှူးဟောင်းက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြောက်ပွဲကစား၊ နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ထားပါတယ်။