ကျွန်တော်နဲ့ ပယ်လ်မာတို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်တဲ့ မိုင်နူး
အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးက သူနဲ့ သူ့ရဲ့အသင်းဖော် ကိုးလ်ပယ်လ်မာတို့ဟာ အသင်းအတွက် ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေတာကြောင့် လာမယ့်ရှုံးထွက် အဆင့်တွေမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေကြောင်း ပြောကြားလာခဲ့ပါတယ်။
မိုင်နူးနဲ့ ပယ်လ်မာတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာတော့ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ သို့သော်လည်း ယနေ့နံနက်က ဆလိုဗေးနီးယားကို ၀-၀ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ကစားသမား ၂ ဦးစလုံးပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဆောက်ဂိတ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး ဝေဖန်ခံခဲ့ရတဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်ရဲ့နေရာမှာ ကော်နာဂယ်လာဟာကို အစားထိုးအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဒုတိယပိုင်းအစမှာတော့ ဂယ်လာဟာကိုထုတ်ပယ်ပြီးကိုဘီမိုင်နူးကို အစားထိုးထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ဆောက်ဂိတ်ဟာ ဆာကာကို ထုတ်ပယ်ပြီး ပယ်လ်မာကို ပထမဆုံးအကြိမ်ထည့်သွင်းကာ ကစားသမားကို ယူရိုမှာ စတင်ကစားခွင့်ရစေခဲ့ပါတယ်။ ဒါကြောင့် ကြယ်ပွင့် ၂ ဦးအနေနဲ့ လာမယ့် ၁၆ သင်းအဆင့်ပွဲစဉ်တွေအပါအဝင် ရှုံးထွက်ပွဲစဉ်တွေမှာ ဆက်လက်ပါဝင်လာနိုင်မလား စောင့်ကြည့်သွားရပါမယ်။
ပွဲအပြီးမှာတော့ မိုင်နူးက “ကျွန်တော်နဲ့ ပယ်လ်မာတို့ နှစ်ယောက်စလုံး အဆင်သင့်ဖြစ်နေကြပါပြီ။ ဘယ်ပွဲအတွက်မဆို အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ရှုံးထွက်အဆင့်တွေမှာဆိုလည်း အတူတူပါပဲ။ ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတာကြောင့် အသင်းအတွက် တတ်နိုင်သလောက်ပါဝင်ကစားပြီး ကူညီပေးဖို့ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အားလုံးက ဘောလုံးကစားရတာကို ချစ်မြတ်နိုးပါတယ်။ အရန်ခုံမှာရှိနေတဲ့ ကစားသမားတိုင်းက ကွင်းထဲကို ဝင်လာချင်ကြတာချည်းပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ပယ်လ်မာရဲ့အရည်အသွေးနဲ့ပတ်သက်ပြီးတော့လည်း မိုင်နူးက “သူက လျှပ်စစ်လိုလျင်မြန်တဲ့သူဆိုတာ လူတိုင်းသိပါတယ်။ ပရီးမီးယားလိဂ်မှာ သူတွေလုပ်ပြထားသလဲဆိုတာ ကျွန်တော်တို့မြင်တွေ့ထားပြီး လက်ရှိအချိန်မှာလည်း အဲဒီအတိုင်းပဲ ရှေ့ဆက်သွားနေပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ဒီအတိုင်းဆက်ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ယခုပွဲစဉ်မှာ သရေရလဒ်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း အုပ်စုအတွင်း အခြားပွဲစဉ်မှာ ဆားဘီးယားနဲ့ ဒိန်းမတ်တို့ကလည်း ၀-၀ နဲ့သရေကျခဲ့တာကြောင့် အုပ်စုပထမနေရာနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆက်လက်ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ နောက်ခံကြယ်ပွင့် ဂျွန်စတုန်းစ်တို့ကလည်း ဒီနေ့ပွဲမှာ အင်္ဂလန်ဟာ အရင်ပွဲတွေကထက် အများကြီးပိုကောင်းအောင်ကစားနိုင်ခဲ့ကြောင်းနဲ့ အုပ်စုပထမနဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ကျေနပ်မိကြောင်းပြောကြားလာခဲ့ပါတယ်။
ကိန်းက “ဒီပြိုင်ပွဲမစခင်ကတည်းက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကိုတက်ဖို့ပါ။ ကျွန်တော်တို့အဲဒါကို သေချာအောင်ပြုလုပ်နိုင်ခဲ့လို့ အခုတော့ ပထမခြေလှမ်းကိုလှမ်းနိုင်ခဲ့ပါပြီ။ ဒီပွဲက အတော်လေးခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ ပွဲကထက်ပိုကောင်းတဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ အင်အားအပြည့်နဲ့ ဘောလုံးကိုထိန်းချုပ်ပြီးကစားနိုင်ခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။ ကောင်းကောင်းအနားယူသွားပြီးနောက်ပွဲအတွက် ပြင်ဆင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးကြယ်ပွင့်စတုန်းစ်က “ကျွန်တော်တို့ ထိန်းချုပ်ခဲ့တဲ့အရာပေါ်မှာ ကောင်းကောင်းအာရုံစိုက်နိုင်ခဲ့ပြီး လာမယ်အဆင့်မှာလည်း ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လမ်းကြောင်းမှန်ပေါ် ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီး လိုချင်တဲ့ရလဒ်မဟုတ်ခဲ့ပေမယ့် အုပ်စုပထမနေရာကို ရရှိခဲ့လို့ ကျေနပ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။