The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ဆုဖလားမျှော်လင့်ချက်အကြောင်း ဆွေးနွေးပေးဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၁၅ မှတ်အထိ ကွာဟသွားပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက် လက်လျှော့လိုက်ပြီလားဆိုတဲ့မေးခွန်းကို အဖြေပေးဖို့ အာဆင်နယ်နည်းပြအာတီတာက ငြင်းဆန်သွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဦးဆောင်ဂိုးကို ဒီကလန်ရိုက်စ်ရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးက ပယ်ဖျက်နိုင်ခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ နှစ်သင်းလုံး မရှာဖွေနိုင်ခဲ့ပါဘူး။ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးထက် တစ်ပွဲလျော့ကစားထားပေမယ့် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုရယူနိုင်ရေး ကြိုးပမ်းမှုမှာတော့ အလွန်ကြီးမားတဲ့စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်သွားရဖို့ ရှိလာပါတယ်။

အခုအချိန်မှာ အမှတ်ပေးချန်ပီယံပြေးလမ်းပြီးဆုံးသွားပြီလားဆိုတဲ့ မေးခွန်းကို အာတီတာက “အဲ့ဒီအကြောင်း ကျွန်တော် မပြောချင်သေးပါဘူး။ ဒီနေ့အတွက် စိတ်ပျက်စရာကိစ္စက ပွဲစဉ်ကို အနိုင်မရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးပွဲစဉ်ဆိုတာနဲ့ အခွင့်အလမ်းတစ်ခုခုကို ဆုပ်ကိုင်ချင်တယ်ဆိုရင် ပွဲစဉ်တိုင်းမှာ အနိုင်ရရှိဖို့အတွက် အပြည့်အဝတာဝန်ရှိနေခဲ့တယ်ဆိုတာကို သိထားခဲ့ပါတယ်။ အခုအချိန်က အမှတ်ပေးချန်ပီယံပြေးလမ်းအကြောင်း ဆွေးနွေးဖို့ အခိုက်အတန့်ကောင်းတစ်ခုဖြစ်တယ်လို့ ကျွန်တော် မထင်မြင်မိပါဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဂန်းနားကြယ်ပွင့်ဒီကလန်ရိုက်စ်ကလည်း ပြိုင်ပွဲနောက်ဆုံးအချိန်အထိ တွန်းအားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားက “ကျွန်တော်တို့ရဲ့နည်းပြကြီး ပြောခဲ့သလိုပါပဲ။ ရာသီမကုန်ခင်အထိ ကျွန်တော်တို့တွေ ဆက်ကြိုးစားသွားရပါမယ်။ လီဗာပူးအသင်းက အခုတစ်နှစ်တာကာလပတ်လုံး အံ့မခန်းဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့ကလည်း အာဆင်နယ်အသင်း ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် ကျွန်တော်တို့တွေ ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေ ရှေ့ဆက်သွားဖို့ လိုအပ်ပြီး အရာအားလုံး အဆင်ပြေလာပါလိမ့်မယ်”လို့ ပြောပါတယ်။

ချန်ပီယံပြေးလမ်းအကြောင်း မေးခွန်းမေးမြန်းမှုအပြီး Sky Sports နဲ့ တွေ့ဆုံမှုကို မြန်မြန်ဆန်ဆန် အဆုံးသတ်ကာ ထွက်ခွာသွားခဲ့တဲ့ အာတီတာရဲ့အပြုအမူက သူ့ရဲ့စိတ်ပျက်နေမှုကို ထင်ဟပ်ပြသနေပါတယ်။ မေးခွန်းတွေဖြေကြားပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ်တစ်ဦး မခေါ်ယူခဲ့ခြင်းအပေါ် နောင်တရမိသလားလို့ မေးမြန်းလာမှုကို အာတီတာက “ မဟုတ်ဘူး၊ အဲ့ဒါနဲ့ မဆိုင်ပါဘူး”လို့ ထွက်ခွာမှုမတိုင်ခင် တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

သတင်းထောက်ရဲ့နောက်ထပ်မေးမြန်းမှုတစ်ခုကိုလည်း အာတီတာက လက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ ၁၅ မှတ်အထိကွာဟသွားမှုအကြောင်း မေးမြန်းလာလို့ အာတီတာ ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့ပါတယ်။