The network connection is lost.

Banner Image

ဆီမီးဖိုင်နယ်မှာ စပိန်အသင်းရဲ့ခြေစွမ်းပိုင်းက ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဒက်စ်ချမ့်စ်

ဒီနေ့မနက်ပိုင်း၊ မြူးနစ်မြို့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲမှ ထွက်ခွာလာရတဲ့ ပြင်သစ် အသင်းနည်းပြ ဒက်စ်ချမ့်စ်က ပြိုင်ဘက်ရဲ့စွမ်းဆောင်ရည်ပိုင်းဟာ သူတို့အသင်းထက် သာလွန်နေခဲ့တယ်လို့ အသိအမှတ်ပြုဝန်ခံပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်ရဲ့ပွဲအစပိုင်းမှာ မူအာနီရဲ့ခေါင်းတိုက်သွင်းဂိုးဖြင့် ပြင်သစ်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ယာမယ်လ်ရဲ့လှပတဲ့အဝေးကန်ချက်နဲ့အတူ စပိန်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ဒီချေပဂိုးကြောင့် အသက်-၁၆ နှစ်နဲ့ ၃၆၂ ရက်အရွယ် ယာမယ်လ်က ပြိုင်ပွဲသမိုင်းတလျှောက် အသက်အငယ်ဆုံးသွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။

နောက်လေးမိနစ်အကြာမှာပဲ အိုလ်မိုက ပြင်သစ်ဂိုးသမားမိုင်ဂနန်၊ နောက်ခံလူကွန်ဒီတို့ ဘယ်လိုမှရှင်းထုတ်နိုင်စွမ်းမရှိတဲ့ ကန်ချက်နဲ့အတူ စပိန်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်အပြီး စပိန်အသင်းက လာမယ့်တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲပြီးခရာမှုတ်သံထွက်ပေါ်လာပြီးနောက် ပြင်သစ်သတင်းဌာန TF1 နဲ့တွေ့ဆုံချိန် ဒက်စ်ချမ့်စ်က “ဒီညမှာ စပိန်အသင်းက အရမ်းကောင်းတဲ့အသင်းဖြစ်တယ်ဆိုတာ သူတို့တွေ သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အဖွင့်ဂိုး ရရှိဖို့အတွက်တော့ လုံလောက်တဲ့ကံကောင်းမှုမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပွဲစဉ်အပေါ် ထိန်းချုပ်ထားနိုင်မှုက ပိုမိုသာလွန်ကောင်းမွန်ခဲ့လို့ ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ ဒီညမှာတော့ စပိန်အသင်းက သူတို့ရဲ့စွမ်းရည်အကုန်လုံးကို ပြသနိုင်ခဲ့ပါတယ်။  ကျွန်တော်တို့အသင်း နည်းနည်းလေးနှေးကွေးနေခဲ့ပါတယ်။ ပွဲပန်းနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာခဏဆိုသလို ကျွန်တော်တို့ရဲ့ဘောလုံးပေးပို့မှုတွေ နှေးကွေးနေခဲ့သလို ဘောလုံးကို ရှေ့အထိရောက်အောင် မပေးပို့နိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ပွဲစဉ်အတွင်း ရာဘီယော့ကိုလှည့်ဖျားကာ ၂၅ ကိုက်အကွာမှ ချေပဂိုး သွင်းယူနိုင်ခဲ့တဲ့ စပိန်တိုက်စစ်မှူး ယာမယ်လ်ကို ထိန်းချုပ်နိုင်မယ့် အသင်းမျိုး ဂျာမနီမြေမှာ မတွေ့ရသေးပါဘူး။ ဒါ့အပြင် ယာမယ်လ်က ဘရာဇီးဂန္တဝင်ပီလီကို ကျော်ဖြတ်ကာ အဓိကပြိုင်ပွဲကြီးတစ်ရပ်ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားတဲ့ ဆယ်ကျော်သက်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပီလီက ၁၉၅၈ ကမ္ဘာ့ဖလား၊ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားရတဲ့ပွဲစဉ်ကို အသက် ၁၇ နှစ်နဲ့ ၂၄၄ ရက်အရွယ်ဖြင့် ပါဝင်ကစားခဲ့ပါတယ်။ အသင်းညာတောင်ပံမှာ ပြသနိုင်ခဲ့တဲ့ သူ့ရဲ့လွှမ်းမိုးမှုတွေကြောင့် ဘာစီလိုနာတိုက်စစ်မှူးက ယူအီးအက်ဖ်အေရဲ့ အခုပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့မီဒီယာချန်နယ်မှတဆင့် ယာမယ်လ်က “ဒီလိုအခိုက်အတန့်ကို အသင်းနဲ့အတူ ဝေမျှခွင့်ရလို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒီနိုင်ပွဲ  အရသာကိုလည်း ကျွန်တော် ခံစားနေပါတယ်”လို့ ဆိုပါတယ်။

ယာမယ်လ်က ဘာလင်မြို့မှာကျင်းပမယ့် ယူရို-၂၀၂၄ ဗိုလ်လုပွဲမတိုင်ခင် လာမယ့်စနေနေ့မှာ အသက်-၁၇ နှစ်ပြည့်မြောက်ပါလိမ့်မယ်။ သူ့ရဲ့မွေးနေ့အတွက် ဘာတွေမျှော်လင့်ထားသလဲလို့ မေးမြန်းလာမှုကို ယာမယ်လ်က “အနိုင်ရရှိဖို့ပါပဲ။ အသင်းနဲ့အတူ ဂျာမနီမြေမှာ ကျွန်တော့်ရဲ့မွေးနေ့ကို ဆင်နွှဲခွင့်ရရှိတာ ပျော်စရာကောင်းပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။