The network connection is lost.

Banner Image

ဘာစီလိုနာကစားသမားဘ၀ မက်ဆီနဲ့တွဲကစားရချိန်က ပျော်ရွှင်မှုတွေကို ဖွင့်ဟလာတဲ့ ဒမ်ဘီလီ

ပီအက်စ်ဂျီတောင်ပံကစားသမား ဒမ်ဘီလီကတော့ အက်စတွန်ဗီလာနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် မတိုင်ခင် အရင်က ကစားခဲ့ဖူးတဲ့ အသင်းတွေအကြောင်း ပြန်ပြောပြခဲ့ပါတယ်။  အထူးသဖြင့် ဒမ်ဘီလီက ပီအက်စ်ဂျီက အချိန်တွေကို သဘောကျကြောင်း ပြောခဲ့သလို ဘာစီလိုနာမှာ မက်ဆီနဲ့အတူ ကစားခဲ့ရတဲ့ အချိန်တွေကိုလည်း ပြန်လည် သတိရနေပုံပါပဲ။

ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီကို ပြောင်းလာခဲ့တဲ့ ဒမ်ဘီလီကို အရင်အသင်းတွေဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘာစီလိုနာအသင်းတွေနဲ့ ယှဉ်ပြီး လက်ရှိ ပီအက်စ်ဂျီအသင်းအကြောင်း မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ သူက မက်ဆီဟာ "အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမား" ဖြစ်တယ်လို့ ချီးကျူးခဲ့ပေမယ့် ဘယ်အသင်းက ပိုကောင်းတယ်ဆိုတာကိုတော့ တိတိကျကျ ပြောမသွားခဲ့ပါဘူး။

ဒမ်ဘီလီက သတင်းထောက်တွေကို ပြောကြားရာမှာ "အခု ပီအက်စ်ဂျီအသင်းက ကျွန်တော် ကစားခဲ့ဖူးတဲ့ အကောင်းဆုံးအသင်းလားတော့ မသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘာစီလိုနာမှာ လီယွန်နယ်မက်ဆီနဲ့အတူ ကစားခဲ့ဖူးတယ်လေ။ သူက ကျွန်တော့်အတွက်တော့ အချိန်တိုင်းရဲ့ အကောင်းဆုံးကစားသမားပဲ။ ဒါပေမယ့် အခုက ကျွန်တော် အပျော်ဆုံးရတဲ့ အသင်းတွေထဲက တစ်ခုတော့ ဟုတ်ပါတယ်" လို့ ဆိုပါတယ်။

ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဘာစီလိုနာမှာ ကစားခဲ့တဲ့အချိန်မှာ ပြည်တွင်းမှာတော့ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။ လာလီဂါဖလား သုံးကြိမ်၊ စပိန်ဘုရင့်ဖလား နှစ်ကြိမ်နဲ့ ရှုံးထွက်ဖလား နှစ်ကြိမ်တို့ကို သူတို့အသင်းနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။ 
ဒါပေမယ့် ဒမ်ဘီလီတစ်ယောက် အမြဲတမ်း လိုချင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ မရရှိခဲ့ပါဘူး။ တစ်ဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာပါတယ်။  ဒမ်ဘီလီကတော့ ဒီနေ့ည အက်စတွန်ဗီလာနဲ့ အဝေးကွင်းမှာ ကစားမယ့်ပွဲမှာ ပီအက်စ်ဂျီကို ဆီမီးဖိုင်နယ်အဆင့်ကို ရောက်အောင် ပို့ဆောင်ရာမှာ အဓိကနေရာကနေ ပါဝင်ကူညီဖို့ မျှော်လင့်နေပါတယ်။