ပင်နယ်တီ ၃ ကြိမ်လောက်ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ဒေးဗစ်ရာယာ ထုတ်ဖော်ပြောကြား
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ၂ ကျော့ပေါင်းရလဒ် ၁-၁ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ ရာယာဟာ ဝမ်ဒဲလ် ၊ ဂါလီနိုတို့ရဲ့ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ ရာယာက သူ့အနေနဲ့ကျေနပ်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ပင်နယ်တီ ၃ ကြိမ်လောက်ကာကွယ်နိုင်ခဲ့သင့်တာပါ။ ဒါပေမယ့် ကျွန်တော် ၂ ကြိမ်တောင် ကာကွယ်နိုင်ခဲ့လို့ လေပေါ်မြောက်နေပါပြီ။ အစကတည်းကနေ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပင်နယ်တီအထိ သွားခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာ ပင်နယ်တီအတွက် သေချာလေးပြင်ဆင်လာခဲ့ပါတယ်။ ဂိုးနည်းပြကလည်း သေချာလေးပြင်ဆင်ပေးပါတယ်။ ဒါကြောင့် အခုလိုရလဒ်ထွက်ပေါ်လာခဲ့တာပါ။ ဒါက အရာအားလုံးပါပဲ။ ခင်ဗျားအနေနဲ့ ဒီလိုပွဲမျိုးကန်ရနိုင်ပါတယ်။ ကျွန်တော် အာဆင်နယ်အတွက်ကစားခွင့်ရလို့ ကံကောင်းပါတယ်။ ချန်ပီယံလိဂ်မှာ ကန်ခွင့်ရသလို အခုလည်း ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒီညကို ကျွန်တော်တို့ နှစ်သက်ပါတယ်”လို့ ရာယာက ပြောကြားခဲ့ပါတယ်။
ရာယာရဲ့စွမ်းဆောင်ရည်ကြောင့် အာတီတာဟာ ဘာကြောင့်စပိန်သားဂိုးသမားကို ခေါ်ယူခဲ့လဲဆိုတာရယ် ရမ်စ်ဒေးလ်ကို ကျော်ပြီးနေရာပေးရလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ပင်နယ်တီမတိုင်ခင် ရာယာဟာ သာမန်အချိန်မှာ ကာကွယ်မှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
အင်္ဂါနေ့ပွဲက ၂၀၁၆ မှာ တီကိုနဲ့ ရီးရဲလ်တို့ပင်နယ်တီအဆုံးအဖြတ်ပွဲပြီးနောက် ပထမဆုံးပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ပွဲဖြစ်လာခဲ့ပါတယ်။