
ရမ်စ်ဒေးကိုကျော်ပြီး ပွဲထွက်ခွင့်ရခဲ့ချိန် နှစ်ပွဲဆက် clean sheetရလာတဲ့ ဒေးဗစ်ရာယာ
ချန်ပီယံလိဂ် အုပ်စု (ခ) ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် လန်ဒန်မြေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ ပီအက်စ်ဗွီ အသင်းတို့ရဲ့ ပွဲစဉ်တွင် အိမ်ရှင် အာဆင်နယ်အသင်းက ၄ဂိုး - ၀ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အတွင်းမှာ ဘရန့်ဖို့ဒ် အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဂိုးသမား ရာယာက ပုံမှန်ပွဲထွက်ကစားသမားဖြစ်တဲ့ အာရွန်ရမ်စ်ဒေးကို ကျော်ကာ ၂ပွဲဆက် ပွဲဦးထွက်ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။
နည်းပြ အာတီတာအနေဖြင့် ပြီးခဲ့တဲ့အပတ် အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေးဂိုးမဲ့ ကစားပေးနိုင်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရာယာအပေါ် ယုံကြည်မှု ပိုများလာပြီး ပီအက်စ်ဗွီအသင်းနဲ့ ကစားရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ထည့်သွင်းအသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ ရမ်စ်ဒေးအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် လန်ဒန်ကလပ်ကို ရောက်လာခဲ့သူဖြစ်ပြီး ပွဲထွက်ခွင့်နေရာအတွက် ချွင်းချက်မရှိ ရပ်တည်ထားနိုင်ခဲ့ပေမဲ့ ယခုနှစ်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်လာရတာလည်း ဖြစ်ပါတယ်။
နည်းပြ အာတီတာရဲ့ စိတ်ကြိုက် ကစားသမားဖြစ်တဲ့ ရာယာအနေဖြင့် ယခုနှစ်ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ဘရန်ု့ဖိုဒ်အသင်းကနေ ကနဦးတစ်ရာသီအငှားဖြင့် အမ်းမရိတ်ကလပ်ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဂိုးသမားတွေဖြစ်ကြတဲ့ ရမ်စ်ဒေးရော ရာယာပါ ချန်ပီယံလိဂ်ပွဲကစားခဲ့ဖူးခြင်း မရှိသေးပေမဲ့ ချန်ပီယံရှစ်ပြိုင်ပွဲအတွင်းမှာသာ ကစားသမားဘဝအချိန်ကာလအများစုကို ကျင်လည်ခဲ့ရတဲ့ စပိန်ဂိုးသမားက ချန်ပီယံလိဂ်မှာ ဦးစွာပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းက အိမ်ကွင်းမှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာကြောင့် အုပ်စု (ခ) အတွင်း ဇယားထိပ်မှာ ဦးဆောင်ခွင့်ရခဲ့ပြီး အုပ်စုတွင်း အခြားပြိုင်ဘက်တွေဖြစ်တဲ့ လီဂူးဝမ်းကလပ် လန်းစ်၊ လာလီဂါကလပ် ဆီဗီလာအသင်းတို့နဲ့ ပထမအကျော့ပွဲစဉ်တွေ ဆက်လက်ကစားသွားရမှာပဲ ဖြစ်ပါတယ်။