The network connection is lost.

Banner Image

မိုဆာလက်ကို အသင်းဖော်တွေအတွက် ဥပမာကောင်းအဖြစ် တင်စားရင်း ထူးရှယ်ကစားသမားလို့ ချီးကျူးလိုက်တဲ့ အန်းစလော့

ဗုဒ္ဓဟူးညပိုင်းမှာတော့ အန်းစလော့က လီဗာပူးအသင်းလိုအပ်နေချိန် အမြဲတမ်းတောက်ပပေးခဲ့တဲ့ ကြယ်ပွင့်အဖြစ် မိုဆာလက်ကို တင်စားရင်း ထူးရှယ်ကစားသမားတစ်ဦးပါလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း သရေတစ်မှတ်ရရှိအောင် အီဂျစ်သားက သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးပေးမှုတစ်ကြိမ်ဖြင့် အသင်းကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး မိုဆာလက်ရဲ့စာချုပ်သစ်ကိစ္စမေးမြန်းလာမှုကို အန်းစလော့က “အနာဂတ်ဆီ ခန့်မှန်းတွက်ချက်ဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်မျှော်မှန်းနိုင်တဲ့(သို့) ခန့်မှန်းနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ မိုဆာလက်ဟာ သူ့ကို အခွင့်အလမ်းကောင်းတွေ ပံ့ပိုးပေးနိုင်တဲ့ အသင်းကောင်းတစ်ခုရဲ့ အရမ်းကောင်းတဲ့နေရာတစ်ခုမှာ ရှိနေတယ်ဆိုတာပါပဲ။

နောက်ပြီး သူ့ကို ပိုထူးခြားစေတဲ့အချက်က ပွဲချိန်တစ်နာရီလောက် သူ အကောင်းဆုံးမကစားနိုင်ဘူးလို့ ခင်ဗျားတို့ တွေးထင်နေချိန်မှာပဲ လက်ကျန်မိနစ်တွေမှာ သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ ဂိုးဘားတန်းထိထွက်သွားတဲ့ ကန်ချက်တစ်ကြိမ်တို့ကို လုပ်ဆောင်ပြခဲ့တယ်ဆိုတာပါပဲ။ သူ့ရဲ့အဆုံးသတ်ပိုင်းတွေက သွေးအေးလွန်းပါတယ်။ တကယ့်ထူးရှယ်ကစားသမားတစ်ဦးပါ။

ကျွန်တော် အသင်းဆီရောက်ရှိလာပြီး ပထမဆုံးအချိန်တွေကတည်းက မိုဆာလက်ဟာ အသင်းရဲ့စံနမူနာပြကစားသမားအဖြစ် အသင်းကို ဦးဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့အသင်းဖော် အတော်များများ အသင်းနဲ့မပူးပေါင်းနိုင်သေးဘဲ ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အားလုံး သူ့ရဲ့အရည်အသွေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူလုပ်ပြနေတဲ့ အကောင်းဆုံးအရာတွေအတွက် မအံ့သြမိပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
လတ်တလောမှာ မိုဆာလက်က ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးဖြင့် ရွှေဖိနပ်ဆုပြိုင်ပွဲမှာ ဟာလန်းကို ကျော်ဖြတ်သွားခဲ့ပြီးနောက် အန်းစလော့က “ကျွန်တော်တို့ လိုအပ်နေချိန်တိုင်း မိုဆာလက် ရှိနေပေးခဲ့ပါတယ်။ မိုဆာလက်ကိုယ်တိုင် ဒီလိုကောင်းမွန်တဲ့အရာတွေကို အချိန်တွေအကြာကြီး ဆက်လုပ်ပြသွားနိုင်ဖို့လည်း မျှော်လင့်မိပါတယ်။ 

သွင်းဂိုးတွေမပါဝင်ဘူးဆိုရင်တောင် ဒါကမိုဆာလက်ရဲ့တကယ့်ကိုပြောင်မြောက်လွန်းတဲ့စွမ်းဆောင်ရည်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ နောက်ထပ်ထူးခြားတာတွေလည်း အများကြီးရှိပါသေးတယ်”လို့ ဆက်ပြောခဲ့ပါတယ်။