
ဘာစီလိုနာသို့ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ဘက်ခမ်း
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းက သူဟာ ရီးရဲလ်မက်ဒရစ်သို့မရောက်ခင် ဘာစီလိုနာသို့ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဘက်ခမ်းဟာ ၂၀၀၃ ခုနှစ်မှာ ယူနိုက်တက်မှ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ကာ ကမ္ဘာ့ဘောလုံးကြယ်ပွင့်တွေဖြစ်တဲ့ ရော်နယ်ဒို၊ ဇီဒန်း၊ ဖီဂို၊ မိုက်ကယ်အိုဝင်တို့နဲ့ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ ဘက်ခမ်းတစ်ယောက် ရီးရဲလ်မက်ဒရစ်သို့မရောက်ခင်မှာ ယူနိုက်တက်က သု့ကို ဘာစီလိုနာသို့ရောင်းချဖို့ သဘောတူညီမှုရရှိထားခဲ့ဖူးတယ်လို့ သိရပါတယ်။ သို့သော်လည်း ဘက်ခမ်းကတော့ သူဟာ ဘာစီလိုနာသို့သွားမှာမဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်မှာသာကစားလိုကြောင်း ပြန်လည်အသိပေးခဲ့တယ်လို့ဆိုပါတယ်။
ဘက်ခမ်းက "ကျွန်တော့်ရဲ့အိပ်မက်အသင်းက ရီးရဲလ်မက်ဒရစ်ပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ယူနိုက်တက်ကကျွန်တော့်ကို ဘာစီလိုနာကိုရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် အားလပ်ရက်အပန်းဖြေခရီးသွားနေချိန် အသင်းဥက္ကဌက ဖုန်းဆက်လာပါတယ်။ သူတို့ ကျွန်တော့်ကိုရောင်းဖို့ ဘာစီလိုနာနဲ့ သဘောတူပြီးပြီလို့ပြောပါတယ်။ ကျွန်တော်က ခင်ဗျားတို့ကျွန်တော့်ကို ရောင်းမယ်ဆိုရင် ကျွန်တော်ပြောင်းချင်တဲ့အသင်းက ရီးရဲလ်မက်ဒရစ်ပဲရှိတယ်လို့ ပြန်ပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်အသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်ခဲ့လို့ပါ"
"ကျွန်တော် ယူနိုက်တက်ကနေထွက်ခွာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ထွက်ခွာရမယ်ဆိုရင်လည်း ရီးရဲလ်မက်ဒရစ်အတွက်ကစားချင်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို ထွက်ခွာစေချင်ရင် ကျွန်တော်ကတော့ ရီးရဲလ်ကိုပဲ သွားမှာပါ။ ကျွန်တော့်ရဲ့အပြောင်းအရွှေ့က တော်တော်လေးထူးဆန်းပါတယ်။ တစ်ရက်ခွဲအချိန်အတိုင်းအတာလေးမှာပဲ ဖြစ်ပျက်သွားခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
ဘက်ခမ်းတစ်ယောက် ဘောလုံးကစားသမားဘဝမှ အနားယူခဲ့သည်မှာ ၁၂ ရှိပြီဖြစ်ပြီး ယခုအခါမှာတော့ မေဂျာလိဂ်ကလပ် အင်တာမီယာမီရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီဖြစ်ပါတယ်။လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ မေဂျာလိဂ်ပွဲစဉ်အဖြင် မင်နီဆိုးတားနဲ့ ကစားသွားရပါမယ်။