The network connection is lost.

Banner Image

ဝမ်းလျှောပြီး လေ့ကျင့်ရေးမဆင်းနိုင်ခဲ့လို့ လက်စတာနဲ့ပွဲမှာ ပယ်မာခြေစွမ်းမပြသနိုင်ခဲ့ဘူးလို့ ကာကွယ်ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက တနင်္ဂနွေန့ညက လက်စတာကို ၁-၀ နဲ့ကပ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့သလို၊ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်ကြယ်ပွင့်ကိုးလ်ပယ်မာဟာ ပွဲမတိုင်ခင်ကြားရက်မှာ ကိုယ်ပူ၊ ဝမ်းလျှောပြီး လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူးလို့ ကာကွယ်ပြောကြားလာခဲ့ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယခုပွဲစဉ်မှာ ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာကြောင့် ပရီးမီးယားလိဂ်မှာ ၈ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ သို့သော်လည်း မာရက်စ်ကာရဲ့ပြောကြားချက်အရကစားသမားဟာ ဝမ်းလျှောပြီး လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ပေမယ့် အသင်းအတွက်တော့ မဖြစ်မနေပါဝင်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ပွဲအပြီးမှာ ပယ်မာရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ မာရက်စ်ကာက "ဒါက မထူးဆန်းပါဘူး။ မနေ့က ပယ်မာက ကျွန်တော်တို့ရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုမလာခဲ့ပါဘူး။ ပြီးတော့ ညဘက်တွေမှာလည်း ကိုယ်ပူနေတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ သူဝမ်းလျှောနေခဲ့ပါသေးတယ်။ ဒီမနက်မှာတော့ သူ အသင်းအတွက်ကစားပေးချင်ကြောင်း ကျွန်တော့်ကိုလာပြောပါတယ်။ အသင်းကိုကူညီပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရလိုတဲ့အကြောင်းလည်းပြောပါတယ်။ ဒီအချက်က ကစားသမားတွေအနေနဲ့ အသင်းနဲ့ ထိုက်တန်တဲ့နေရာကို ဘယ်လောက်အထိရောက်အောင်ပို့ပေးချင်နေသလဲဆိုတာ ပေါ်လွင်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပယ်မာဟာ ချဲလ်ဆီးအတွက် နောက်ဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ဘုန်းမောက်နဲ့ပွဲစဉ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပယ်မာအနေနဲ့ ဂိုးမသွင်းနိုင်ပေမယ့် ချဲလ်ဆီးကတော့ လက်စတာကိုအနိုင်ရခဲ့လို့ မန်စီးတီးကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာခက်ခဲတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့သရေကျခဲ့တဲ့ အာဆင်နယ်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာတော့ အနိုင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။