
The network connection is lost.

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ လာမယ့်နှစ်မှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် စီးတီးအမှုဆောင် မူဘာရက်ခ်က မှန်ကန်တဲ့အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
စပိန်သားဟာ စီးတီးအသင်းကို ၄ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ၂၀၁၆ တုန်းက စီးတီးကိုပြောင်းလာခဲ့တာဖြစ်ပြီး အနာဂတ်မသေချာတဲ့အနေအထားမျိုးဖြစ်နေပါတယ်။
“ပက်နဲ့ ကျွန်တော်တို့ အကြိမ်ရေတော်တော်များများ စကားပြောဖြစ်ပါတယ်။ ပက်ကအသင်းအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်။ စာချုပ်ထဲကအတိုင်း သူကအသင်းအတွက်ပဲ စိတ်ကူးထဲထည့်ထားတာပါ။ သူ့အနာဂတ်က ကျွန်တော်တို့အတူတူ ဆုံးဖြတ်လေ့ရှိပါတယ်။ မကြာခင်မှာ မှန်ကန်တဲ့ အဖြေမှန်တစ်ခုရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ မူဘာရက်ခ်က ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ်ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၊ ကလပ်ကမ္ဘာ့ဖလား ၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ်လည်း ရယူနိုင်ခဲ့ပါတယ်။
“ဂွါဒီယိုလာ ဒီအဖွဲ့အစည်း ၊ ဒီအသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေက စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲပါတယ်။ သမိုင်းကိုပြန်ကြည့်ရင် သူက မှတ်တိုင်တွေစိုက်ထူထားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲ့တာအပြင် ဘောလုံးအပေါ်မှာ သူဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ မြင်နိုင်သလို အင်္ဂလိပ်ဘောလုံးလောကအတွက် ပက်ယူဆောင်လာတဲ့ ပြောင်းလဲမှုတွေကိုလည်း မြင်နိုင်ပါတယ်။ လူတိုင်းဆုဖလားရချင်ပါတယ်။ အက်ဖ်အေဖလားလည်း ရယူချင်ပါတယ်။ ဒါပေမယ့် မရခဲ့လို့စိတ်တော့ပျက်မိပါတယ်။ အခုဆို ကျွန်တော်တို့ ဆာလောင်မှုတွေနဲ့အတူ ပြန်လာနေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နောက်တစ်ကြိမ်အောင်မြင်ချင်တာကြောင့်ပါ။ နောက်တစ်ကြိမ်ဖလား ၃ လုံးချန်ပီယံဖြစ်ချင်ပါတယ်”လို့ ခါလက်ဒွန်းက ပြောကြားခဲ့ပါတယ်။
စီးတီးအသင်းက ပရီးမီးယားလိဂ်နဲ့တရားရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာချိန်မှာပဲ အခုလိုမျိုး ခါလက်ဒွန်းရဲ့မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။