The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းရဲ့ သာမန်မဟုတ်တဲ့ ၁၆ နာရီကြာအသွားအပြန်ခရီးစဉ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ မာရက်စ်ကာ

ကာဇက်စတန်ပြည်တွင်းကလပ် အက်စ်တာနာနဲ့ရင်ဆိုင်ရမယ့် ယူရိုပါကွန်ဖရန့်လိဂ်ပွဲစဉ်အတွက် သွားရောက်ရမယ့် ၁၆ နာရီကြာအသွားအပြန်လေယာဉ်ခရီးစဉ်နဲ့ ရေခဲမှတ်အောက်ရောက်ရှိနေမယ့် အပူချိန်တွေက ချဲလ်ဆီးအသင်းရဲ့ပုံစံကောင်းပြသနေမှုကို ပြင်းပြင်းထန်ထန်စမ်းသပ်သွားလိမ့်မယ်လို့ နည်းပြမာရက်စ်ကာက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပြီး အခုသီတင်းပတ်ကုန်၊ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင်  ချဲလ်ဆီးကို အမှတ်ပေးချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းအဖြစ် ဘောလုံးကမ္ဘာက ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် အခုလန်ဒန်ဒါဘီပွဲစဉ်အတွက် ချဲလ်ဆီးဘက်က အပြည့်အဝအာရုံမစိုက်နိုင်သေးခင် အာရှတိုက်ရဲ့အစွန်အဖျားဒေသအထိ သူတို့တွေ ခရီးထွက်ခွာရပါလိမ့်မယ်။ ကွင်းပြန်လည်တည်ဆောက်မှုလုပ်ငန်းတွေကြောင့် အက်စ်တာနာရဲ့အိမ်ကွင်းပွဲစဉ်တွေကို ကာဇက်စတန်မြို့တော်မှ မိုင် ၆၀၀ ကျော်ကွာဝေးတဲ့ အယ်လ်မာတီဒေသဆီ ပြောင်းရွှေ့ကစားနေလို့ ဒီတစ်ကြိမ်၊ ချဲလ်ဆီးအသင်းရဲ့ခရီးစဉ်က သာမန်ထက် ပိုမိုရှည်လျားခဲ့ပါတယ်။ အလားတူ အခုလေကြောင်းခရီးစဉ်ကို ယူကရိန်း-ရုရှား ပဋိပက္ခဇုန်နဲ့ဝေးရာမှ ပျံသန်းသွားလာရဖို့လည်း ရှိနေပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက “အသွားတစ်ကြောင်းတည်းနဲ့ ရှစ်နာရီကြာမြင့်မယ်ဆိုတာ ပွဲစဉ်တစ်ခုကစားရဖို့အတွက် ခရီးသွားလာရတဲ့ ပုံမှန်အခြေအနေမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အဲ့ဒီအရပ်အထိ ရောက်အောင်သွားပြီး ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။ ပြီးတော့ နောက်ပွဲအတွက်လည်း စဉ်းစားရင်း အစွမ်းကုန်ကြိုးစားချင်ပါတယ်”လို့ ပြောပါတယ်။

လတ်တလောမှာ ချဲလ်ဆီးက လေးပွဲကစား၊ လေးပွဲနိုင်ရလဒ်ဖြင့် ယူရိုပါကွန်ဖရန့်လိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး မာဒူကီ၊ ကိုးလ်ပယ်လ်မာတို့လို မှတ်ပုံတင်မထားတဲ့ ကစားသမားအချို့ကို ဖယ်ရှားလိုက်မယ်ဆိုရင်တောင် မာရက်စ်ကာအတွက် ရွေးချယ်စရာကစားသမားတွေ အများကြီး ကျန်ရှိနေပါသေးတယ်။

လူငယ်ကစားသမားတွေဖြစ်တဲ့ အမ်ပါ၊ မူအီကာ၊ မက်မာဟွန်၊ ကိုင်ဒန်ဝီလ်ဆင်၊ ရစ်ချတ်အိုလီစီနဲ့ မူရေးကမ်းဘဲလ်တို့အားလုံး အသင်းလူစာရင်းမှာ ပါဝင်လာခဲ့သလို အသက်-၁၈ နှစ်အရွယ်ကစားသမား အာချီပေါင်လည်း အခုပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားမယ်လို့ အသင်းဘက်မှ အတည်ပြုထားပါတယ်။

မာရက်စ်ကာက “အခုပွဲစဉ်မှာ ကစားရတဲ့ ကစားသမားတစ်ဦးဦးလောက် တနင်္ဂနွေနေ့ပွဲစဉ်ကျရင် လိုအပ်နိုင်ဦးမလား အတိအကျမသိနိုင်ပါဘူး။ ကျွန်တော်လည်း အဲ့ဒီလိုမျိုး မလုပ်ချင်ပါဘူး။ ကျွန်တော်တို့တွေ သောကြာနေ့မနက်ခြောက်နာရီလောက်ကျရင် ပြန်ရောက်လာပါပြီ။ အဲ့ဒါက တနင်္ဂနွေနေ့မှာ နောက်ထပ်ပွဲစဉ်တစ်ခု ကစားရဖို့ရှိနေသူတွေအတွက် သာမန်အခြေအနေမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေအတွက် လိုအပ်လာမယ်ဆိုရင်တော့ သူတို့တွေ ကြိုးစားကစားပေးပါလိမ့်မယ်”လို့ ပြောပါတယ်။အခုလိုအခြေအနေတွေကြောင့် ချဲလ်ဆီးအသင်းအတွက် ပြင်ဆင်ချိန်ပိုမိုရရှိစေရန် လာမယ့်တနင်္ဂနွေနေ့၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို အချိန်နာရီပိုင်းမျှ နောက်ဆုတ်ပေးထားပါတယ်။