The network connection is lost.

Banner Image

ယူနိုက်တက်တိုက်စစ်မှူးဖြစ်ပါက ဂိုးတွေသွင်းနိုင်ဖို့ လိုအပ်ကြောင်း ဟွိုက်လန်းကို ဖာနန်ဒက်စ်သတိပေး

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က တနင်္ဂနွေနေ့က ဘုန်းမောက်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို အခုထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဖို့လိုအပ်ကြောင်း သတိပေးစကားပြောကြားလာခဲ့ပါတယ်။ 

ဒိန်းမတ်လက်ရွေးစင်အနေနဲ့ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ထားပါက အခုလိုဂိုးသွင်းနှုန်းနဲ့ ရပ်တည်လို့ရမှာမဟုတ်ကြောင်း ဖာနန်ဒက်စ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ ဟွိုက်လန်းဟာ ၄ ဂိုးသာသွင်းယူထားနိုင်သလို၊ ပြိုင်ပွဲစုံ ၄၆ ပွဲကစားထားရာမှာလည်း စုစုပေါင်း ၉ ဂိုးသာသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဖာနန်ဒက်စ်က "တိုက်စစ်မှူးမှန်ရင် ဂိုးသွင်းရမယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ သူလည်း ယူနိုက်တက်လိုအသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်မယ်ဆိုရင် ဂိုးတွေသွင်းဖို့လိုအပ်တာကို သိမှာပါ။ ဒီလိုအသင်းမျိုးမှာ တိုက်စစ်မှူးတွေဂိုးသွင်းနိုင်ဖို့လိုပါတယ်။ သူ့နေရာမှာ အခြားကစားသမားဆိုရင်လည်း ဂိုးတွေရနေမှဖြစ်မှာပါ"

"တိုက်စစ်မှူးနေရာမှာကစားတဲ့ ကစားသမားက ပြိုင်ဘက်ဂိုးဧရိယာထဲဝင်ပြီး ဂိုးတွေသွင်းနိုင်တဲ့ အရည်အသွေးရှိရပါမယ်။ ဘုန်းမောက်နဲ့ပွဲမှာတော့ ဟွိုက်လန်းက ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီဂိုးအတွက် လူတိုင်းပျော်ခဲ့ရပါတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ အခုထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဟွိုက်လန်းနဲ့ပတ်သက်ပြီး နည်းပြရူဘင်အာမိုရင်ကလည်း "တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် သူ့ရဲ့ဂိုးသွင်းတာ မသွင်းတာကိုဖယ်ပြီး ကစားဟန်ကိုပဲ ကြည့်မယ်ဆိုရင် ဟွိုက်လန်းက အထင်ကြီးစရာကစားသမားတစ်ယာက်ပါ" လို့ပြောကြားခဲ့ပါတယ်။ ယူရိုပါလိဂ်ဖလားတစ်လုံးသာ မျှော်လင့်ချက်ရှိတော့တဲ့ ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာတော့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဗစ်တာအိုဆီမင်၊ လီယမ်ဒီလပ်တို့လို ကစားသမားတွေကို ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့သိရပါတယ်။