အီဆက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် လက်လျှော့လိုက်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ နယူးကာဆယ်ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို ခေါ်ယူဖို့ကြာလရှည်စိတ်ဝင်စားနေခဲ့သော်လည်း ကစားသမားရဲ့ တန်ကြေးမြင့်မားမှုကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ ကမ်းလှမ်းမှုပြုလုပ်သွားမှာမဟုတ်ဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ကစားပုံဆိုးရွားပြီးအောင်မြင်မှုမရခဲ့တဲ့ ချဲလ်ဆီးအနေနဲ့ လာမယ့်ရာသီမှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတာကြောင့် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူပြီး တိုက်စစ်အင်အားဖြည့်တင်းဖို့မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း နယူးကာဆယ်က အသင်းရဲ့အဖိုးတန်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးပေါင် ၁၁၅ သန်းအထိ သတ်မှတ်ထားတာကြောင့် ချဲလ်ဆီးအနေနဲ့ ခေါ်ယူနိုင်ဖို့အခြေအနေမရှိဘူးလို့ သိရပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ ငွေကြေးအမြောက်အမြားသုံးစွဲခဲ့တာကြောင့် ဒီနွေရာသီမှာတော့ တန်ဖိုးကြီးကစားသမားတွေ မခေါ်ယူဘဲ လူငယ်ကစားသမားတွေကိုသာ ခေါ်ယူပြီး ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကိုရှောင်ရှားသွားရမှာဖြစ်ပါတယ်။
ဒေါ့မွန်နဲ့ ရီးရဲလ်ဆိုစီဒက်ကစားသမားဟောင်း အီဆက်ဟာ ပြီးခဲ့တဲ့ရာသီမှာ နယူးကာဆယ်အတွက် ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားခဲ့ပြီး ၂၁ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ ထိပ်တန်းပစ်မှတ်မှာ ပါဝင်နေသော်လည်း ကလပ်နဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပါတယ်။ ဒါ့အပြင် သတင်းတွေအရ အာဆင်နယ်အသင်းကလည်း အသက်-၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အသက်-၁၈ နှစ်အရွယ် ဘာစီလိုနာ လူငယ်တိုက်စစ်မှူးလေး မာ့ခ်ဂူရီယူကို ခေါ်ယူဖို့ သဘောတူညီမှုရထားတာကြောင့် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၅ သန်း ပေးချေသွားမှာဖြစ်သော်လည်း မကြာမီမှာပဲ နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူသွားဦးမှာြဖစ်ပါတယ်။