ဗီလာရီးရဲလ်ဂိုးသမား ဂျော်ဂျင်ဆင်ကို ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ လက်ရှိအသင်းရဲ့ဂိုးသမား ရောဘတ်ဆန်းချက်ဇ်အတွက် ပြိုင်ဘက်အနေနဲ့ ထားရှိဖို့ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်ဂိုးသမား ဖီးလစ်ဂျော်ဂျင်ဆင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဂျော်ဂျင်ဆင်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် ယခုအခါမှာ ချဲလ်ဆီးအသင်းဟာ ဆွီဒင်သားကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ချဲလ်ဆီးဟာ လက်စတာဂိုးသမား မတ်စ်ဟာမင်ဆင်အပါအဝင် စုစုပေါင်း ဂိုးသမား ၄ ယောက်လောက်ကို ပစ်မှတ်ထားနေပြီး လက်ရှိ နံပါတ် ၁ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ဖိအားပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ ယခုနွေရာသီမှာပဲ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာနိုင်ချေရှိတဲ့ ဂိုးသမား အန်ဒရီလူနင်ကိုလည်း စိတ်ဝင်စားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့နံပါတ် ၁ ဂိုးသမား ကော်တိုရစ်က ဒဏ်ရာပြဿနာကြောင့် ကစားနိုင်ခြင်းမရှိတဲ့အချိန်မှာ လူနင်က အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းလက်ရွေးစင်ဟာ ယခုအခါမှာ အေးဂျင့် ဂျော့ဂျ်မန်ဒက်စ်နဲ့ ချိတ်ဆက်ထားပါတယ်။ မန်ဒက်စ်က အသက်-၂၅ နှစ်အရွယ် ကစားသမားကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာပဲ စတန်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။
လက်ရှိ ချဲလ်ဆီးရဲ့ထိပ်တန်းပစ်မှတ် ဂျော်ဂျင်ဆင်ကတော့ ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်အတွက် လာလီဂါပွဲစဉ် ၃၆ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားခဲ့ပြီး အသင်းကို အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာမှာ ရပ်တည်စေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်-၂၂ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ဂိုးမပေးရတဲ့ပွဲ ၆ ပွဲအထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ရာသီကြိုခရီးစဉ်ကို အမေရိကန်သို့ထွက်ခွာသွားတဲ့ ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာတော့ ဝရက်ဇ်ဟမ်းနဲ့ ခြေစမ်းသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို ဆန်တာကလာယာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။