
ဆုဖလား ၃ လုံးအောင်မြင်မှုရယူဖို့ ကြောက်ရွံ့နေစရာမလိုကြောင်း အယ်လ်ကန်တာရာပြော
ဘာစီလိုနာလက်ထောက်နည်းပြဟောင်း သီယာဂိုအယ်လ်ကန်တာရာက အသင်းရဲ့ကစားသမားတွေအနေနဲ့ ဆုဖလား ၃ လုံးအောင်မြင်မှုရယူဖို့ ကြောက်ရွံ့နေစရာမလိုကြောင်း ပြောကြားလာခဲ့ပါတယ်။ စပိန်စူပါဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်တဲ့ ဘာစီလိုနာဟာ ကိုပါဒယ်ရေးဗိုလ်လုပွဲသို့ ရောက်ရှိနေရုံမက ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိနေပြီး လာလီဂါအမှတ်ပေးဇယားကိုလည်း ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ ရာသီကုန်မှာ ဆုဖလား ၃ လုံးချန်ပီယံအဖြစ် ထပ်မံအောင်ပွဲခံနိုင်ဖို့ နီးစပ်နေတယ်လို့ ဆိုရပါတယ်။
ယခုအခါမှာ အယ်လ်ကန်တာရာက "ဖလား ၃ လုံးအောင်မြင်မှုဆိုတာ ကြောက်ရွံ့စရာမဟုတ်ပါဘူး။ အရင်တုန်းကလည်း ဒီအသင်းမှာ ဒီလိုအောင်မြင်မှုတွေ ရခဲ့ပြီးသားပါ။ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အတွက် ဒီအောင်မြင်မှုတွေက ပန်းတိုင်ပါပဲ။နေ့ရက်တိုင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ပြုလုပ်သွားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အယ်လ်ကန်တာရာဟာ ဘာစီလိုနာမှာ ဟန်ဆီဖလစ်ရဲ့ လက်ထောက်နည်းပြရာထူးနဲ့ အလုပ်လုပ်ခဲ့ဖူးပြီး တစ်ချိန်မှာ နည်းပြချုပ်တစ်ယောက်ဖြစ်လာဖို့ ပစ်မှတ်ထားနေသူလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ကွင်းလယ်လူဟောင်းက ဘာစီလိုနာကို လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိစေခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။
အယ်လ်ကန်တာရာက "ကစားသမားတွေကို သူတို့ကစားလိုတဲ့ပုံစံအတိုင်း နေရာမှန်မှာ အသုံးချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ စိတ်ကြိုက်နေရာတွေမှာ နေရာချထားနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေကို ဒီလိပုံစံနဲ့ ဦးဆောင်လမ်းပြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ရလာမှာ အသေအချာပါပဲ" လို့ပြောကြားခဲ့ပါတယ်။