The network connection is lost.

Banner Image

ဈေးကွက်ထဲက ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်မယ်လို့ အာမိုရင် ယုံကြည်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဈေးကွက်ထဲမှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်းနဲ့ အသင်းဟာ ဆိုးဝါးတဲ့ရာသီကြုံတွေ့ခဲ့ပေမယ့် ကစားသမားတွေကတော့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယခုနှစ်ဘောလုံးရာသီမှာ အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အမှတ်ပေးဇယားရပ်တည်မှုနဲ့ ကြုံတွေ့ရဖို့ အလားအလာများနေပြီး အဆင့် ၁၅ နေရာအထိ ကျဆင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်အနေနဲ့ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်ဖို့ အခက်ကြုံနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ဝုဗ်တိုက်စစ်မှူး မားသီးယက်စ်ကွန်ဟာ၊ အစ်ဆွစ်ချ်မှ လီယမ်ဒီလက်ပ်၊ ဖရန့်ဖတ်မှ ဆန်းတို့စ်၊ လိုင်လီမှ ချီဗာလီယာတို့ကို ပစ်မှတ်ထားနေပေမယ့် ဥရောပဝင်ခွင့်အတွက်က မသေချာတဲ့အခြေအနေမှာရှိနေလို့ ကစားသမားတွေအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နိုင်ပါတယ်။ သို့သော်လည်း အာမိုရင်ရဲ့အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ထားနိုင်ပြီဖြစ်လို့ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ 

ယခုအခါမှာ အာမိုရင်က “ဒါက မန်ချက်စတာယူနိုက်တက်ပါ။ ကစားသမားတွေအများကြီး ဒီအသင်းအတွက် ကစားပေးချင်ကြပါတယ်။ အသင်းမှာ ပြဿနာတွေနဲ့ အခက်အခဲတွေရှိပေမယ့် ကစားသမားတွေကိုတော့ ဆွဲဆောင်ထားနိုင်ဆဲပါ။ ကျွန်တော်တို့ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ကြားရက်မှာ‌တော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ကစားသွားရပါမယ်။