The network connection is lost.

Banner Image

လီဂါဝါဆောကို ဂိုးပြတ်သွင်းပြီး နောက်တစ်ဆင့်သို့ ခြေတစ်ဖက်လှမ်းနိုင်ခဲ့တဲ့ ချဲလ်ဆီး

ကြာသပတေးနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးဟာ လီဂါဝါဆောကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ခြေတစ်ဖက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ ပထမပိုင်းအတွင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ဒုတိယပိုင်းကို ၀-၀ နဲ့ ဆက်လက်စတင်ကစားခဲ့ရပါတယ်။ လီဂါဝါဆောဂိုးသမား တိုဘီယက်ဇ်က အတော်လေးလက်စွမ်းပြခဲ့ပြီး ပထမပိုင်းအတွင်း ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒုတိယပိုင်းအစမှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ၄၉ မိနစ်မှာ ‌ဂျော့ဂျ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ထို့နောက် ၈ မိနစ်အကြာ ၅၇ မိနစ်မှာ ချဲလ်ဆီးအတွက် ဒုတိယဦးဆောင်ဂိုးကို နိုနီမာဒူကီက ထပ်မံသွင်းယူပေးခဲ့လို့ ပွဲကို သက်တောင့်သက်သာပဲ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ 

ပွဲကစားချိန် ၇၃ မိနစ်မှာ ချဲလ်ဆီးတို့ ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပေမယ့် ခရစ္စတိုဖာအန်ကွန်ကူရဲ့ကန်ချက်ကို တိုဘီယက်ဇ်က လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ လီဂါဝါဆောတို့ သက်သာရာရခဲ့ပါတယ်။ သို့သော်လည်း ၇၅ မိနစ်မှာတော့ ဂျေဒန်ဆန်ချိုရဲ့ ဖန်တီးပေးဖို့မှုမှတစ်ဆင့် ချဲလ်ဆီးတို့ တတိယဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး မာဒူကီကပဲ ဆက်လက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ယခုလို ၃ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ဖို့ သေချာသလောက်ဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဧပြီလ ၁၇ ရက်နေ့၊ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားသွားရမှာဖြစ်ပါတယ်။