The network connection is lost.

Banner Image

အန်ကွန်ကူရဲ့ဈေးနှုန်းကို ပေါင် ၂၂ သန်းအထိလျှော့ချပြီး ယူနိုက်တက်ကိုဆွဲဆောင်လိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်ကစိတ်ဝင်စားနေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ခရစ္စတိုဖာအန်ကွန်ကူရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားတဲ့ဈေးနှုန်းထက် ပေါင် ၂၂ သန်းအထိ လျှော့ချလိုက်ပြီး ရောင်းချဖို့အဆင်သင့်ရှိနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ချဲလ်ဆီးဟာ  အန်ကွန်ကူကို ၂၀၂၃ ခုနှစ်မှာ လိုက်ပ်ဇစ်မှ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းနဲ့ဝယ်ယူထားခဲ့တာဖြစ်ပေမယ့် ကစားသမားဟာ အသင်းမှာခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပင် ရုန်းကန်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အန်ကွန်ကူဟာ ပရီးမီးယားလိဂ်မှာ ၉ ပွဲသာပါဝင်ကစားခဲ့ရသလို၊ ရီးရဲလ်ဘက်တစ်ကိုအနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာလည်း အရန်ခုံသာထိုင်ခဲ့ရပါတယ်။ 

အန်ကွန်ကူကိုခေါ်ယူဖို့ ယူနိုက်တက်ကစိတ်ဝင်စားနေပေမယ့် ယခုအခါမှာ နည်းပြရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးဟာ ယခုနွေရာသီအပြောင်းအရွှေ့ စတင်ဖွင့်လှစ်ချိန်က အန်ကွန်ကူရဲ့ဈေးနှုန်းကို ပေါင် ၆၅ သန်းအထိ သတ်မှတ်ထားခဲ့ပေမယ့် ယခုအခါမှာတော့ ပေါင် ၄၃ သန်းနဲ့ရောင်းချဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက အန်ကွန်ကူကို ခေါ်ယူဖို့ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး ထိုစဉ်ကတော့ အငှားနဲ့သာ ခေါ်ယူလိုခဲ့ပါတယ်။ ယူနိုက်တက်အပြင် အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း အန်ကွန်ကူကိုခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ချဲလ်ဆီးက တန်ကြေးမြင့်မြင့်မားမားသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ အန်ကွန်ကူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက "အန်ကွန်ကူ ကျွန်တော်တို့နဲ့အတူရှိနေတာ သူက အသင်းအတွက်ကူညီပေးနိုင်တယ်လို့ ယုံကြည်လို့ပါ။ တကယ်လို့ အကူအညီပေးနိုင်မယ်ဆိုရင် နောက်ရာသီမှာလည်း ကျွန်တော်တို့နဲ့ အတူတူရှိနေဦးမှာပါပဲ။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့် အခြားကစားသမားတွေလည်း ဒီလိုပါပဲ"

"တကယ်လို့ အပြောင်းအရွှေ့ကိစ္စတွေဖြစ်လာရင်လည်း ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။ ဈေးကွက်အစမှာကတည်းက ဒီကိစ္စတွေက အသံထွက်နေခဲ့တာပါ။ အသင်းကနေ ကစားသမားတွေထွက်သွားနိုင်သလို၊ ကစားသမားသစ်တွေလည်း ရောက်လာနိုင်တာပါပဲ" လို့ပြောကြားခဲ့ပါတယ်။