ခြေစွမ်းကျဆင်းသွားပါက ကစားခွင့်ရမှာမဟုတ်ကြောင်း ဆန်ချိုကို သတိပေးလိုက်တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယမန်နေ့ညက တော့တင်ဟမ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက လက်ရှိပုံစံအတိုင်းဆက်မကစားနိုင်ဘဲ ခြေစွမ်းကျဆင်းသွားမယ်ဆိုပါက ကစားခွင့်ရမှာမဟုတ်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပထမပိုင်းပွဲကစားချိန် ၁၁ မိနစ်မှာပဲ ၂ ဂိုးအထိခွင့်ပြုခဲ့ရပြီး တော့တင်ဟမ်ရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် အသင်းအတွက် ပထမဆုံးချေပဂိုးကို ၁၇ မိနစ်မှာ ဆန်ချိုက အဝေးကန်ချက်နဲ့ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်လက်ရရှိခဲ့ပြီး ကိုးလ်ပယ်လ်မာက ၂ ဂိုးနဲ့ အန်ဇိုဖာနန်ဒက်ဇ်က ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်အတွက် နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲပြီးကာနီး ၉၀+၆ မိနစ်မှာ ဆွန်ဟောင်မင်ကသွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၄ မှတ်သာကွာဟတော့သလို၊ တတိယနေရာက အာဆင်နယ်ကိုလည်း ၂ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မာရက်စ်ကာက “ရာသီအစမှာ ဆန်ချိုရဲ့ ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး သူက ကျွန်တော်တို့ကို ကူညီနိုင်တဲ့ကစားသမားမို့လို့ ခေါ်ယူခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သူ့မှာပြဿနာအနည်းငယ်ရှိခဲ့ပြီး အချိန်ခဏလောက် ကစားခွင့်မရခဲ့ပါဘူး။ အခုတော့ သူပြန်လာပါပြီ။ သူလုပ်ရမှာက လက်ရှိခြေစွမ်းကိုပဲ ဆက်ထိန်းရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ အသင်းအတွက် ကစားခွင့်ရမှာမဟုတ်ပါဘူး” လို့ပြောကြေားခဲ့ပါတယ်။
တောင်ပံကစားသမားဟာ နွေရာသီမှာ ယူနိုက်တက်မှ ချဲလ်ဆီးသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်ပါသဘောတူညီချက်အရ မာရက်စ်ကာရဲ့အသင်းဟာ အင်္ဂလန်သားကို ရာသီကုန်မှာ ပေါင် ၂၅ သန်းနဲ့အပြီးသတ်ခေါ်ယူခွင့်ရှိနေတယ်လို့သိရပါတယ်။