ဗီလာရီးရဲလ်ဂိုးသမား ဂျော်ဂျင်ဆင်ကို ယူရို ၂၄.၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ ဗီလာရီးရဲလ်ဂိုးသမား ဖိလစ်ဂျော်ဂျင်ဆင်ကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို ၂၄.၅ သန်းနဲ့သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။
အာဆင်နယ်၊ လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့ အပြိုင်ပစ်မှတ်ထားနေတဲ့ ဒိန်းမတ်ဂိုးသမားဟာ ယခုအခါမှာတော့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ နံပါတ် ၁ ဂိုးသမားနေရာရရှိဖို့ အပြင်းအထန်ပြိုင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးဟာ ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူထားပြီးဖြစ်ပေမယ့် နည်းပြသစ်အန်ဇိုမာရက်စ်ကာကတော့ ဂိုးသမားသစ် ထပ်မံခေါ်ယူပြီး ဆန်းချက်ဇ်ကို ဖိအားပေးဖို့ ကြိုးစားလိုနေတာဖြစ်ပါတယ်။
အသက်-၂၂ နှစ်အရွယ် ဂျော်ဂျင်ဆင်ဟာ ဗီလာရီးရဲလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကမှ စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် စတင်ကစားခွင့်ရခဲ့ပါတယ်။ ဂျော်ဂျင်ဆင်ရဲ့လက်စွမ်းပြမှုနဲ့အတူ ဗီလာရီးရဲလ်ဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် အသင်းဘက်က ကစားသမားကို ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ယခုအခါမှာတော့ ချဲလ်ဆီးသို့ရောင်းချဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံး ရာသီကြိုခြေစမ်းပွဲစဉ်မှာ နိုင်ပွဲမရခဲ့ဘဲ ဝရက်ဇ်ဟမ်းကို ၂-၂ နဲ့သရေကျခဲ့တဲ့ ချဲလ်ဆီးဟာ ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက်ခြေစမ်းပွဲမှာတော့ ဆဲလ်တစ်ကို ၁-၄ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။။