ချဲလ်ဆီးရဲ့အမေရိကန်ခြေစမ်းခရီးစဉ်အတွက် အသင်းလူစာရင်းမှာ ပါဝင်လာခြင်းမရှိတဲ့ ချာလိုဘတ်
ချဲလ်ဆီးအသင်းနည်းပြ အန်ဇိုမာရက်စ်ကာဟာ အမေရိကန်သို့ ထွက်ခွာသွားမယ့် ကလပ်ရဲ့ရာသီကြိုခရီးစဉ်အတွက် ကစားသမား ၂၈ ယောက်ပါ လူစာရင်းကို ကြေညာခဲ့ပြီး အဆိုပါကစားသမား စာရင်းထဲမှာ နောက်ခံလူ ထရီဗိုချာလိုဘတ် ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ချာလိုဘတ်ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ နည်းပြ မာရက်စ်ကာက အခုလို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝရက်ဇ်ဟမ်းအသင်းနဲ့ ကယ်လီဖိုးနီးယားမှာ ခြေစမ်းပွဲစဉ်ကစားသွားမှာဖြစ်ပြီး အသင်းရဲ့နောက်ခံနေရာအတွက် ဝက်စ်လေဖိုဖာနာ၊ ဒီဆာဆီနဲ့ အသစ်ခေါ်ယူထားခဲ့တဲ့ တိုဆင်အဒရာဘီအိုယိုတို့ကို လူစာရင်းမှာထည့်သွင်းထားပါတယ်။
ချာလိုဘတ်ဟာ နွေရာသီအတွင်း ချဲလ်ဆီးနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေအပြည့်အဝ ပြုလုပ်ထားပြီး ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် အခုလို ချန်လှပ်ခံခဲ့ရခြင်းက ရောင်းထုတ်ခံရဖို့ ဖြစ်နိုင်တယ်လို့ The Athletic ကသုံးသပ်ထားပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ အသင်းနဲ့ ရာသီကြိုခရီးစဉ်ကို လိုက်ပါခြင်းမရှိဘဲ အသင်းသစ်ရှာဖွေဖို့ အချိန်ယူစေတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
အမေရိကန်သို့ ထွက်ခွာသွားမယ့် ချဲလ်ဆီးရဲ့လူစာရင်းမှာ
ဂိုး - ရောဘတ်ဆန်းချက်ဇ်၊ မားကက်စ်ဘက်တီနယ်လီ၊ အက်ဒီဘိချ်၊ လူးကပ်စ်ဘာ့စထရွမ်း။
နောက် - ရီစီဂျိမ်းစ်၊ မာလိုဂူစတို၊ ဂျို့ရှ်အာချင်ပွန်၊ ဝက်စလေဖိုဖာနာ၊ ဒီဆာဆီ၊ အဒရာဘီအိုယို၊ ဘာဒီယာရှီးလ်၊ လီဗိုင်ကိုဝယ်လ်၊ ဘင်ချီဝဲလ်၊ ရီနာတိုဗီဂါ။
လယ် - ကာနေးချူကွီမီကာ၊ ရိုမီယိုလာဗီယာ၊ လက်စ်လေယူဂိုချူကူ၊ ကီယာနန်ဒရူစ်ဘူရီဟောလ်၊ အန်ဒရေးဆန်းတို့စ်။
ရှေ့ - နီကိုလက်စ်ဂျက်ဆန်၊ ခရစ္စတိုဖာအန်ကွန်ကူ၊ ရာဟင်းမ်စတာလင်၊ မူဒရစ်ခ်၊ နိုနီမာဒူကီ၊ အာမန်ဒိုဘရိုဂျာ၊ ဂျော့ဂျ်၊ မာ့ခ်ဂူအီယူ၊ အန်ဂျလို တို့ဖြစ်ပါတယ်။
ကိုးလ်ပယ်မာ၊ ကော်နာဂယ်လာဟာ၊ အန်ဇိုဖာနန်ဒက်ဇ်တို့အပါအဝင် ယူရိုနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေအတွင်း နိုင်ငံအသင်းတွေနဲ့ ချိတ်ဆက်ခဲ့ကြတဲ့ အခြားကစားသမားတွေကတော့ အခုချိန်အထိ ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ပူးပေါင်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အဆိုပါကစားသမားတွေဟာ ရာသီသစ်မစတင်ခင်မှာပဲ ချဲလ်ဆီးအသင်းနဲ့ အချိန်မီပြန်လည်ချိတ်ဆက်သွားကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ချာလိုဘတ်ဟာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ဝရက်ဇ်ဟမ်း၊ ဆဲလ်တစ်၊ ကလပ်အမေရိက၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားသွားရမယ့် ခြေစမ်းပွဲစဉ်တွေမှာတော့ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။
ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်ကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ၂၀၂၄-၂၅ ဘောလုံးရာသီကို စတင်ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။