
မန်စီးတီး ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်မယ်လို့မမြင်မိကြောင်း ဂွါဒီယိုလာ ဝန်ခံ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ ပလေးအော့ဖ်ကန်ရတော့မှာဖြစ်ပေမယ့် ဆုဖလားကိုဆွတ်ခူးနိုင်ဖို့တော့ မမြင်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးဟာ ကလပ်ဘရုကို ၃-၁ နဲ့အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂၂ နေရာမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၁ နဲ့ ၁၂ နေရာတွေမှာရပ်တည်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့ထဲမှ တစ်သင်းနဲ့ ပလေးအော့ဖ်ပွဲစဉ်ကစားသွားရမှာဖြစ်ပါတယ်။
ပွဲအပြီးမှာ မန်စီးတီးအနေနဲ့ ဒီရာသီချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်သလားလို့မေးမြန်းခဲ့ရာ ဂွါဒီယိုလာက “လောလောဆယ်မှာတော့ ချန်ပီယံဖြစ်မယ်လို့ မမြင်မိပါဘူး။ ကျွန်တော်က အရာရာမှာလက်တွေ့ဆန်တဲ့လူတစ်ယောက်ပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ကျွန်တော်တို့ထက် အများကြီးအတွေ့အကြုံရှိတဲ့အသင်းတွေပါ။ သူတို့နဲ့ မနက်ဖြန်မှာကစားရမယ်ဆိုရင် လက်ခြေစွမ်းတွေအရ ကျွန်တော်တို့အတွက် ခက်ခဲနိုင်ပေမယ့် လာမယ့် ၂ ပတ်အတွင်းမှာကစားရမယ်ဆိုတော့ အခြေအနေတွေ ကွဲပြားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆလိုဗန်၊ စပါတာပရာဟာနဲ့ ကလပ်ဘရုတို့ကိုသာ အနိုင်ရထားပြီး ၅ ပွဲအထိနိုင်ပွဲပျောက်ဆုံးထားခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကတော့ ပြည်တွင်း လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားတွေကို ထိပ်ဆုံးကနေဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက “လောလောဆယ်မှာ သူတို့နဲ့ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ပြောနိုင်ပေမယ့် မနက်ဖြန်မှာတော့ ခံစားချက်တွေရော စိတ်ဓာတ်တွေရော ပြောင်းလဲသွားနိုင်ပါတယ်။ သေချာတာကတော့ အသင်းရဲ့ကစားသမားတွေက ဘိုင်ယန်နဲ့ရီးရဲလ်ကို ဒုက္ခကောင်းကောင်းပေးနိုင်မယ်ဆိုတာပါပဲ။ ဒီအသင်းကြီး ၂ သင်းထဲကတစ်သင်းနဲ့ ထိပ်တိုက်တွေ့ဆုံသွားပြီး ဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။