
လက်ကျန်ပွဲစဉ်တွေမှာ အာနိုးလ်ကို အရန်ခုံပို့ထားဖို့ အန်းစလော့ဆီ တိုက်တွန်းလိုက်တဲ့ လီဗာပူးဂန္တဝင်
လက်စတာကိုအနိုင်ရရှိတဲ့ပွဲစဉ်မှာ အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့တဲ့ အာနိုးလ်ကို လက်ကျန်ပွဲစဉ်တွေမှာ အရန်ခုံတန်းဆီပို့ထားဖို့ အန်းစလော့ဆီ ကာရေဂါက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အာနိုးလ်က လက်စတာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ အဝေးကွင်းလိဂ်ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးသွင်းယူပြီး လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဆုဖလားနဲ့ လက်တစ်ကမ်းအကွာဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ကာရေဂါကတော့ အခုနွေရာသီ၊ အသင်းနဲ့စာချုပ်သက်တမ်းပြည့်မြောက်ကာ စပိန်ဘီလူးကြီးရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရတဲ့ အသက်-၂၅ နှစ်အရွယ်နောက်ခံလူ မပါဝင်မယ့် အနာဂတ်ဆီ မျှော်ရည်မှန်းကာ ပြင်ဆင်သွားဖို့ အချိန်တန်ပြီလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ လက်စတာကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး Sky Sports ဆွေးနွေးခန်းမှာ ကာရေဂါက အာနိုးလ်ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကို အစားထိုးဖို့ဆိုတာ ခက်ခဲလွန်းပါလိမ့်မယ်လို့ ဝန်ခံခဲ့ပေမယ့် ကော်နာဘရက်ဒလေကို အသင်းမှာ အမြဲတမ်းပွဲထွက်ခွင့်ပေးခြင်းဖြင့် အသွင်းကူးပြောင်းရေးကာလကို ချက်ချင်းစတင်လိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ကာရေဂါက “ အာနိုးလ်ဖြစ်နေတာကြောင့် သူ့နေရာမှာ အစားထိုးလို့ မရနိုင်ပါဘူး။ သူ့ရဲ့ထူးခြားပြီး မတူကွဲပြားတဲ့စွမ်းရည်တွေကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် စောင့်ကြည့်ရမှုအများဆုံး နောက်တန်းအစွန်ကစားသမားတစ်ဦးဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒါကြောင့်ပဲ သူ့အကြောင်းကို ကျွန်တော်တို့ အကြိမ်များစွာ ဆွေးနွေးခဲ့တာပါ။ မီကာရစ်ချတ်ကိုယ်တိုင်လည်း အာနိုးလ်ရဲ့ခံစစ်ပိုင်းစွမ်းရည်အကြောင်း ဆွေးနွေးဖူးပါတယ်။ လတ်တလောထိပ်တန်းခံစစ်အစွန်ကစားသမားတွေက သူတို့ကိုယ်သူတို့ အရမ်းကောင်းမွန်တဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ပိုင်ဆိုင်သူတွေအဖြစ် ပုံမဖေါ်ထားကြပါဘူး။
ဒါပေမယ့် အာနိုးလ် ဘောလုံးပိုင်ဆိုင်ထားချိန်တွေက ထူးခြားလွန်းပါတယ်။ ညာအစွန်နောက်ခံလူနေရာမှာ ကီဗင်ဒီဘရိုင်း ကစားနေသလိုမျိုးပဲလို့ လွန်ခဲ့တဲ့လေးငါးနှစ်တုန်းက ကျွန်တော်ပြောခဲ့ဖူးတယ်ထင်ပါတယ်။ ဒါက အာနိုးလ်ဘောလုံးရရှိထားချိန် ခံစားမိတဲ့အရာ ဖြစ်ပါတယ်။ အာနိုးလ်က ကွင်းတွင်းဝင်ရောက်လာပြီး ပွဲစဉ်တွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအရာတွေကို လီဗာပူးအသင်း အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လီဗာပူးအသင်းအတွက်တော့ အာနိုးလ်ရဲ့ဘောလုံးပေးပို့နိုင်စွမ်းတွေကို အစားထိုးလိုက်ဖို့ လိုအပ်နေပါပြီ။
ဒါကို ညာနောက်ခံလူနေရာမှစတင်ကာလုပ်ဆောင်ဖို့ မလိုပါဘူး။ ကွင်းလယ်တိုက်စစ်နေရာဖြစ်စေ၊ ဘယ်တောင်ပံနေရာဖြစ်စေ ဒီလိုနေရာတွေမှာ အာနိုးလ်ရဲ့ဖန်တီးပေးနိုင်စွမ်းကို အစားထိုးသွားမျိုး လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ အသင်းတိုးတက်အောင် လုပ်သွားရပါမယ်။ အခုအချိန်မှာ အာနိုးလ်ရဲ့နေရာကို အစားထိုးပါဝင်ကစားပေးဖို့က ဘရက်ဒလေပဲ ရှိပါတယ်။ ဘရက်ဒလေကိုယ်တိုင်လည်း အာနိုးလ်လို ဖြစ်စေရမယ်ဆိုပြီး မတွေးထားသင့်ပါဘူး။ ဘရက်ဒလေက ရော်ဘတ်ဆန်ရဲ့ Prime Time ကာလပုံစံမျိုး ဖြစ်ပါတယ်။
ပုံမှန်ခံစစ်အစွန်လူတွေလိုမျိုးပဲ တောင်ပံတလျှောက် အတက်အဆင်းမှန်မှန်နဲ့ ပေါက်ကွဲအားကောင်းကောင်း ကစားမယ်၊ တိုက်စစ်လိုက်ပါပြီး အတွင်းတွေဆီ ချိုးဝင်မယ်၊ ခံစစ်ကို အဆုံးအထိလိုက်ပါကူညီပေးမယ်၊ ဒါမျိုးပုံစံက လီဗာပူးနောက်ခံလူတွေ ကြိုက်နှစ်သက်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အာနိုးလ်ရဲ့နေရာမှာ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီအချက်ကို မေ့ထားလိုက်ပါ။ ဒါပေမယ့် ရာသီကုန်မတိုင်ခင်အထိ ကာလတိုလေးအတွင်းမှာပဲ လီဗာပူးအသင်းအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခု သို့မဟုတ် ဆုံဖြတ်ချက်အချို့ ချမှတ်သွားဖို့တော့ လိုအပ်နေပါပြီ။ အကယ်၍ လာမယ့်ဘောလုံးရာသီအတွက် အာနိုးလ်ရဲ့အနာဂတ် ရှင်းရှင်းလင်းလင်းမဖြစ်သေးဘူးဆိုရင် သူ့ကို ပွဲထွက်ခွင့်မပေးသင့်တော့ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး”လို့ ပြောပါတယ်။
ကာရေဂါရဲ့အခုလိုမှတ်ချက်စကားကို တွဲဖက်အစီအစဉ်တင်ဆက်သူ မီကာရစ်ချတ်က ကန့်ကွက်လိုက်ပြီး အာနိုးလ်မထွက်ခွာခင် ကစားသမားကိုယ်တိုင်တည်ဆောက်ထားတဲ့ ဂန္တဝင်မြောက်အမွေအနှစ်တွေကြောင့် နောက်ထပ်ပွဲစဉ်အချို့မှာ နေရာပေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ မီကာရစ်ချတ်က “ လီဗာပူးအသင်းက ကစားသမားတစ်ဦးကို အခုလိုမျိုးလက်လွှတ်ပစ်လိုက်ဖို့ တည်ရှိနေတဲ့ ကလပ်အသင်း မဟုတ်ပါဘူး။ လာမယ့်ဘောလုံးရာသီအတွက် ပြင်ဆင်ရတော့မယ်ဆိုတဲ့ ခင်ဗျားရဲ့မှတ်ချက်ကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။
ကျွန်တော်လည်း ဒီအချက်ကို အပြည့်အဝသဘောတူပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းကာလတွေအတွင်း ကလပ်အသင်းအတွက် အာနိုးလ်လုပ်ဆောင်ပေးခဲ့တဲ့အရာတွေအတွက် သူ့ကို ပွဲကစားခွင့်အနည်းငယ်လေးပိုပေးသွားဖို့ ပြောချင်တယ်။ အာနိုးလ်က ကလေးဘဝမှာတည်းက အသင်းဆီ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ကော်နာဘရက်ဒလေလည်း လူငယ်ကစားသမားဘဝမှာ ကလပ်အသင်းဆီ ရောက်ရှိလာတာပဲဆိုတဲ့ အချက်တစ်ခုလည်း ရှိပါတယ်။ မဟုတ်ပါဘူး၊ မတူပါဘူး။ ဒါက အသက်-၂၇ နှစ်၊ ၂၈ နှစ်အရွယ် ကစားသမားအကြောင်း၊ လူငယ်ကစားသမားဘဝမှာကတည်းက ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ပွဲထွက်ခွင့်ရရှိဖို့ ခက်ခဲခဲ့တဲ့ ကစားသမားတစ်ဦးအကြောင်းဆွေးနွေးနေတာမျိုး မဟုတ်ပါဘူး။ အတွေ့အကြုံရှိကစားသမားတစ်ဦး ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အစိတ်အပိုင်းတစ်ခုအကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အတွေ့အကြုံတွေ ရရှိလာဖို့ ပွဲစဉ်အချို့ကို ဖြတ်သန်းခဲ့ရပါတယ်။ ဂယ်ရီနဗီးလ်လည်း အတူတူပါပဲ။ ဒါက အာနိုးလ်ကို လက်လွှတ်လိုက်ကြစို့ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး။
ဒါက ကော်နာဘရက်ဒလေကို လာမယ့်ဘောလုံးရာသီမှာ သီတင်းပတ်တိုင်းသုံးနိုင်ပြီလားဆိုတာ လေ့လာအကဲဖြတ်သွားဖို့ လိုအပ်နေပြီလို့ ဆိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အာနိုးလ်နဲ့ပတ်သက်ပြီး လီဗာပူးအသင်းချမှတ်ရမယ့် ဆုံးဖြတ်ချက်က ကော်နာဘရက်ဒလေဟာ ညာနောက်ခံလူနေရာမှာ ပွဲထွက်ခွင့်ပေးလို့ရတဲ့ ကစားသမားဖြစ်နေပြီလား(သို့) ဗဟိုနောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိတဲ့ စွယ်စုံရအရန်ကစားသမားတစ်ဦးကို ခေါ်ယူမလားဆိုတာပဲ ဖြစ်ပါတယ်။
ဒါမှမဟုတ် စီနီယာအဆင့်ညာနောက်ခံလူတစ်ဦးကို ဝယ်ပြီး ဘရက်ဒလေနဲ့ ပွဲထွက်ခွင့်တိုက်ပွဲဝင်ခိုင်းမလား စဉ်းစားသွားဖို့ပါပဲ။ ဒါကြောင့် ဒီကောင်လေးက တက်နိုင်သမျှ အတွေ့အကြုံတွေ အများကြီးယူသွားဖို့ လိုအပ်ပါတယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်ဖြစ်ဖြစ်၊ လာမယ့်သီတင်းပတ်တွေမှာပဲဖြစ်ဖြစ် အနိုင်ရလဒ်လိုအပ်နေချိန် ကော်နာဘရက်ဒလေကို လူစားလဲထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန် ပွဲထွက်ခွင့်နဲ့ပတ်သက်လို့ အာနိုးလ်သာမရှိနေဘူးဆိုရင် ကော်နာဘရက်ဒလေကို ပွဲထွက်ခွင့်ပေးသင့်ပါတယ်”လို့ ဆိုပါတယ်။
အခုလို ညာနောက်ခံလူနေရာအတွက် ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးမလဲဆိုတာနဲ့ပတ်သက်လို့ အငြင်းအခုံတွေ ရှိနေပေမယ့် လက်စတာနဲ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးအသင်းက ပရီးမီးယားလိဂ်အောင်ပွဲနဲ့ လက်တစ်ကမ်းအလိုအထိ ရောက်ရှိလာပါတယ်။ ငါးပွဲကစားရဖို့ကျန်ရှိချိန် အန်းစလော့ရဲ့အသင်းက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ၁၃ မှတ်ဖြတ်ထားပြီး သင်္ချာနည်းအရ သေချာပေါက်ချန်ပီယံဖြစ်လာဖို့ နောက်ထပ်သုံးမှတ်သာ လိုအပ်ပါတော့တယ်။ ဒီနေရာမှာ လာမယ့်ဗုဒ္ဓဟူးနေ့၊ ခရစ္စတယ်ပဲလေ့စ်ကိုရင်ဆိုင်မယ့် အာဆင်နယ်အသင်း အမှတ်လျော့ကျမယ်ဆိုရင် ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပဲ ချန်ပီယံဖြစ်လာမယ့် အခွင့်အရေးတစ်ခု လီဗာပူးမှာ ရှိနေပါတယ်။ အဲ့ဒီလိုမဖြစ်လာဘူးဆိုရင်လည်း ကြိုးကြာနီတွေက အန်ဖီးလ်မှာ တော့တင်ဟမ်ကိုဧည့်ခံကစားချိန် အိမ်ကွင်းပရိသတ်ရှေ့မှောက် ဆုဖလားဆွတ်ခူးနိုင်မယ့်အခွင့်အလမ်းကို ကြိုးစားသွားနိုင်မယ့်အလားအလာတွေ ပိုင်ဆိုင်ထားပါတယ်။