The network connection is lost.

Banner Image

ရာသီကုန်ရင် ရီးရဲလ်မှထွက်ခွာမယ့်အကြောင်း ကစားသမားတွေကိုအသိပေးထားတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာပြီး ဘရာဇီးလက်ရွေးစင်အသင်းသို့ပြောင်းရွှေ့တော့မယ့်အကြောင်း အသင်းရဲ့ကစားသမားတွေကို အသိပေးပြောပြထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အန်ဆယ်လော့တီဟာ အသင်းမှထွက်ခွာတော့မယ့်အကြောင်း ရီးရဲလ်မက်ဒရစ်ရဲ့အဝတ်လဲခန်းထဲမှာပဲ ကစားသမားတွေကို အသိပေးထားတယ်လို့ သိရပါတယ်။ အီတလီသားနည်းပြဟာ လာမယ့်ဇွန်လမှာပဲ ဘရာဇီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်သွားမယ်လို့ သတင်းက ဆက်လက်ဖော်ပြထားပါတယ်။ 

အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလားတွေသာမက အောင်မြင်မှုတွေ အလီလီဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း ဒီရာသီမှာတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြိုင်ပွဲစုံမှာ အခြေအနေမကောင်းဘဲ ဖလားလက်မဲ့နဲ့ ရာသီသိမ်းရဖို့ အလားအလာများနေတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုကလည်း ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။ 

အန်ဆယ်လော့တီဟာ ၂၀၂၆ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ဘာနေဗျူးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့ပုံပေါ်ပြီး ဇွန်လ အလယ်မှာကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်သွားဖို့မရှိပါဘူး။ တနင်္ဂနွေနေ့က ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ပြီး ဖြစ်နိုင်ချေအရှိဆုံးဆုဖလားကို လက်လွှတ်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်မေလ ၄ ရက်နေ့မှာတော့ လာလီဂါပွဲစဉ်အဖြစ် ဆယ်လ်ဆာဗီဂိုနဲ့ ကစားသွားရပါမယ်။