
အမ်ဘာပေရဲ့ခြေစွမ်းမတည်ငြိမ်မှုကို လက်ခံနိုင်ရမယ်လို့ဆိုလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက အသင်းအနေနဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေရဲ့ ခြေစွမ်းမတည်ငြိမ်မှုကို လက်ခံနိုင်ရမယ်လို့ ပြောကြားလာခဲ့ပြီး ပြင်သစ်သားအနေနဲ့ အခုလို ပုံစံကောင်းကိုထိန်းသိမ်းဖို့ ရုန်းကန်နေရခြင်းမှာ ပုံမှန်ဖြစ်တယ်လို့ဆိုပါတယ်။
ပြင်သစ်စူပါစတားဟာ အက်သလက်တီကိုကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသပေးနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေအကြား မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။
အမ်ဘာပေဟာ မန်စီးတီးကို ၂ ကျော့စလုံးအနိုင်ရခဲ့တဲ့ ပလေးအော့ဖ်ပွဲစဉ်မှာတော့ ထိပ်တန်းခြေစွမ်းကိုပြသခဲ့ပြီး အိမ်ကွင်းမှာ ဟက်ထရစ်ပါသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းဟာ ဂျီရိုနာ၊ ရီးရဲလ်ဘက်တစ်၊ အက်သလက်တီကိုတို့နဲ့ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ၃ ပွဲဆက်တိုက် ခြေစွမ်းကောင်းပျောက်ဆုံးနေခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ အခုလို ခြေစွမ်းမတည်ငြိမ်မှုအတွက် ဝေဖန်ခံရသင့်သလားလို့ မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီက “ကျွန်တော်ကတော့ လုံးဝမထင်ပါဘူး။ သူမန်စီးတီးနဲ့ပွဲမှာ ဟက်ထရစ်တောင်သွင်းယူနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့ပွဲမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ယေဘုယျအားဖြင့်သူက အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ခြေစွမ်းအပေါ် ကျွန်တော်တို့ အရမ်းကျေနပ်ပါတယ်”
“အမြဲတမ်းတော့ သူ့အနေနဲ့ အကောင်းဆုံးခြေစွမ်းကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ပါဘူး။ အက်သလက်တီကိုနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းမရှိခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ခြေစွမ်းက ကောင်းတဲ့အထဲမှာတော့ပါပါတယ်။ ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကိုတော့ မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ဒါက အရည်အသွေးမြင့်ကစားသမားတွေ ကြုံတွေ့နေရတဲ့အရာပါ။ အရည်အသွေးမြင့်ကစားသမားတွေမှာ အနိမ့်အမြင့်အတက်အကျတွေရှိတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကြီးမားတဲ့အရည်အသွေးမြင့်ကစားသမားတွေမှာ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးရှိနိုင်ဖို့ ခက်ခဲပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဆုဖလားလမ်းကြောင်း ၃ ခုပေါ်မှာရောက်ရှိနေဆဲဖြစ်ပြီး လာလီဂါမှာတော့ ရီးရဲလ်ဘက်တစ်ကိုရှုံးနိမ့်ထားခဲ့လို့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။ အမ်ဘာပေအနေနဲ့ ဘာနေဗျူးမှာရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် ဒီရာသီပြိုင်ပွဲစုံမှာ ရီးရဲလ်မက်ဒရစ်အတွက် စုစုပေါင်း ၂၈ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် ဗယ်လီကာနိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အက်သလက်တီကိုနဲ့ ထပ်မံကစားသွားရပါမယ်။