အင်တာကွန်တီနယ်ဖလားဖိုင်နယ်ပွဲမတိုင်ခင် ဘာပေဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အင်တာကွန်တီနယ်ဖလားဖိုင်နယ်ပွဲမတိုင်ခင် တိုက်စစ်မှူး ဘာပေရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာပေဟာ အတ္တလန္တာကိုအနိုင်ရခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်းအတွက် ဒီရာသီ ၁၂ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲကစားချိန် ၃၆ မိနစ်ကျန်ချိန်မှာတော့ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ပေါင်ဒဏ်ရာကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ကနဦးသတင်းတွေအရ ဘာပေတစ်ယောက် ၁၀ ရက်လောက်နားရနိုင်တယ်လို့ ဖော်ပြနေကြပြီး လာမယ့်စနေနေ့ ဗယ်လက်ကာနိုနဲ့ပွဲအပြင် အင်တာကွန်တီနယ်ဖိုင်နယ်ပွဲကိုပါ လွဲချော်နိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီကတော့ ဘာပေဟာ ရီးရဲလ်အသင်းနဲ့အတူ ကာတာမြေကို သွားရောက်မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဘာပေအခြေအနေက အရမ်းကြီးမဆိုးဝါးပါဘူး။ သူဗယ်လက်ကာနိုနဲ့ပွဲမှာတော့ ပါဝင်နိုင်မှာမဟုတ်လောက်ပါဘူး။ ဒါပေမယ့် ကာတာကိုတော့ ထွက်ခွာမှာဖြစ်ပြီး အဆင်ပြေရင် ပါဝင်နိုင်ချေရှိပါတယ်။
သူ့အခြေအနေက ပြောဖို့ခက်ပါတယ်။ ပြီးခဲ့တဲ့နိုင်ငံကာရက်သတ္တပတ်တွေမှာ သူအနားရခဲ့ပါတယ်။ သူ့စွမ်းဆောင်ရည်က အဲ့တာကြောင့် အများကြီးတိုးတက်လာပါတယ်။
ကံကောင်းတာက သူ့မှာ အနည်းငယ်ပဲ ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် အခြေအနေမဆိုးဝါးနိုင်ပါဘူး”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဘာနေဗျူးမှာ တဖြည်းဖြည်းအထိုင်ကျလာနေပါတယ်။