The network connection is lost.

Banner Image

လာမယ့်အယ်လ်ကလက်စီကိုက လာလီဂါချန်ပီယံပြေးလမ်းအတွက် အရေးပါတယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

ယမန်နေ့ညနေပိုင်း၊ ဆယ်လ်တာဗီဂိုကို ၃-၂ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနဲ့ လေးမှတ်အကွာအနေအထားအထိ လျှော့ချနိုင်ခဲ့ပြီးနောက် အန်ဆယ်လော့တီက လာမယ့်သီတင်းပတ်၊ အယ်လ်ကလက်စီကိုပွဲစဉ်ဟာ အခုဘောလုံးရာသီ၊ လာလီဂါချန်ပီယံပြေးလမ်းအတွက် အဆုံးအဖြတ်ပေးသွားနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဂူလာရဲ့ဦးဆောင်ဂိုးအပြင် အမ်ဘာပေရဲ့သွင်းဂိုးနှစ်ဂိုးကြောင့် ဘာနေဗျူးမှာ အိမ်ရှင်တွေက သုံးဂိုးပြတ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ဂျာဗီရိုဒရီဂွတ်ဇ်၊ ဆွီဘတ်တို့ရဲ့ချေပဂိုးနှစ်ဂိုးကို ခွင့်ပြုပေးခဲ့ရလို့ ရီးရဲလ်မက်ဒရစ်အတွက် ထိတ်လန့်စရာ နောက်ဆုံး ၁၅ မိနစ်တာအခိုက်အတန့်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

အခုဘောလုံးရာသီ၊ အယ်လ်ကလက်စီကိုပွဲစဉ်သုံးကြိမ်တိတိ အနိုင်ရရှိဖူးတဲ့ ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်က Montjuic မှာ အနိုင်ရရှိမယ်ဆိုရင် လက်ကျန်ပွဲစဉ်သုံးခုကျန်ရှိချိန် ပြိုင်ဘက်အသင်းနှစ်ခုအကြား အမှတ်ကွာဟမှုကို တစ်မှတ်အထိ လျှော့ချသွားနိုင်ပါလိမ့်မယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း လိဂ်ချန်ပီယံဆုရယူနိုင်ရေးအတွက် ဘာစီလိုနာကို အနိုင်ယူဖို့ လိုအပ်နေပြီလားလို့ မေးမြန်းလာမှုကို အန်ဆယ်လော့တီက “ အမှန်ပါပဲ၊ သိပ်ပြီးရှင်းလင်းပါတယ်။ လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်က အဆုံးအဖြတ်ပွဲစဉ်တစ်ခုလို့ ကျွန်တော်မပြောချင်ပေမယ့် အဆုံးအဖြတ်ပေးနိုင်လုနီးပါးပွဲစဉ်တစ်ခုလို့တော့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနိုင်ရရှိမယ်ဆိုရင် သူတို့နဲ့ တစ်မှတ်ပဲ ကွာဟပါတော့မယ်။ လိဂ်က ဘာစီလိုနာလက်ထဲမှာပဲ ရှိနေဦးမယ်ဆိုပေမယ့် ကျွန်တော်တို့အတွက် အခွင့်အလမ်းတစ်ခု ရရှိလာပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။

ဒီနှစ်သင်းအကြား အခုဘောလုံးရာသီ၊ ပထမဆုံးအကြိမ်အယ်လ်ကလက်စီကိုတွေ့ဆုံမှုမှာ ဘာနေဗျူးကွင်းအတွင်း ဘာစီလိုနာက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စပိန်စူပါဖလားပြိုင်ပွဲဖိုင်နယ်မှာလည်း ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်၊ ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲမှာလည်း အချိန်ပိုကစားပြီးနောက် ဘာစီလိုနာကပဲ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကျွန်တော်တို့ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အနိုင်ရရှိဖို့လည်း နီးစပ်ခဲ့ပါတယ်။ အခုတော့ အရမ်းလေးနက်တဲ့ပွဲစဉ်တစ်ခုကို ကစားသွားရပါမယ်။ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ယုံကြည်မှုနဲ့အတူ ကျွန်တော်တို့ ကစားသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။