The network connection is lost.

Banner Image

အင်တာမိုင်ယာမီဟာ ကလပ်ကမ္ဘာ့ဖလားမှာယှဉ်ပြိုင်နိုင်တဲ့အရည်အချင်းမရှိသေးကြောင်း ဘက်စ်ကွက် ဝန်ခံပြောကြား

မက်ဆီရှိနေပေမယ့်လည်း အင်တာမိုင်ယာမီဟာ ကလပ်ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးကြောင်း ကွင်းလယ်လူ ဘက်စ်ကွက်က ဝန်ခံပြောကြားလိုက်ပါတယ်။ ဖီဖာရဲ့ဖိတ်ကြားမှုကြောင့် အင်တာမိုင်ယာမီဟာ အမေရိကန်မြေမှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

အဆိုပါအခြေအနေကြောင့် မက်ဆီကို မြောက်အမေရိကတစ်လွှားက ပရိသတ်တွေလည်း မြင်တွေ့ခွင့်ရရှိမှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီကို အင်္ဂလန် နဲ့ ယူနိုက်တက်စတားဟောင်း ဘက်ခမ်းက ပိုင်ဆိုင်တာဖြစ်ပြီး အုပ်စုအေမှာ အယ်လ်အက်လီ ၊ ပါးလ်မီးရက်စ် ၊ ပေါ်တိုတို့နဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။အင်တာမိုင်ယာမီပရိသတ်တွေကတော့ မိမိတို့အသင်းဟာ အနိမ့်ဆုံးရှုံးထွက်အဆင့်အထိတက်ရောက်နိုင်မယ်လို့ မျှော်လင့်နေပေမယ့် ဘက်စ်ကွက်က အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းအဆင့်အတန်းက ကလပ်ကမ္ဘာ့ဖလားကို ယှဉ်နိုင်စွမ်းမရှိသေးပါဘူး။ ဒါပေမယ့် အုပ်စုကနေ ကျော်ဖြတ်နိုင်အောင်တော့ ကြိုးစားမှာပါ။ တစ်ပွဲချင်းကျော်ဖြတ်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် ကျွန်တော်တို့ တတ်နိုင်သလောက်ကြိုးစားမှာပါ။ အသင်းမှာ မက်ဆီရှိနေသလို သူ့ကိုအားလုံးက မြင်ချင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် အင်တာမိုင်ယာမီအခုပြိုင်ပွဲမှာ ပါဝင်တာက ကောင်းသလို အထူးသဖြင့်မက်ဆီပါဝင်တာက တကယ်ကောင်းပါတယ်။ သူက သူ့မှာရှိတာအကုန်ပေးချင်တဲ့ကစားသမားမျိုးဖြစ်သလို ဘာမှအရေးနိမ့်ရတာမျိုးမကြိုက်ပါဘူး”လို့ ဘက်စ်ကွက် ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ယခင်တုန်းက ဘာစီလိုနာနဲ့အတူ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်ရယူထားနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် ပွဲချိန်တွေကို သေချာလေးကိုင်တွယ်နေရတာဖြစ်ပါတယ်။