၂ ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကျဉ်းမြောင်းစွာလွဲချော်ခဲ့တာက ဆိုးဝါးလွန်းတယ်လို့ ဆာကာ ဝန်ခံပြောကြား
အာဆင်နယ်စတား ဆာကာက မိမိတို့အသင်း ၂ ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကျဉ်းမြောင်းစွာလွဲချော်ခဲ့တာက တော်တော်လေးဆိုးဝါးလွန်းတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက် မန်စီးတီးကို အနီးကပ်ဆုံးဖိအားပေးနိုင်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးနောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုမရတာက နှစ် ၂၀ ကျော်နေပြီဖြစ်ပါတယ်။ လက်ရှိ ၂၀၂၄ - ၂၅ ရာသီမှာ ၂ သင်းတည်းပြိုင်ဆိုင်ရမယ်လို့ ထင်ခဲ့ပေမယ့် အခြေအနေတွေက ပြောင်းလဲခဲ့ပြီး လီဗာပူး နဲ့ ချဲလ်ဆီးတို့ပါ ပါဝင်လာခဲ့ပါတယ်။
၁၆ ပွဲကစားပြီးချိန်မှာ အာဆင်နယ်ဟာ ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လာမယ့်ပွဲစဉ်တွေမတိုင်ခင် ဆာကာက အင်တာဗျူးမှာ “၂ ကြိမ်ဆက် အခုလိုလွဲချော်ခဲ့တာက တော်တော်လေးဆိုးဝါးပါတယ်။ ကျွန်တော် အရိုးသားဆုံးပြောတာပါ။ အဲ့တာက ကျွန်တော့်အတွက် အပိုကြိုးစားချင်စိတ်ဖြစ်စေသလို ခွန်အားလည်းဖြစ်စေပါတယ်။
ကျွန်တော် ဒီရာသီမှာ ချန်ပီယံဆုကို ကိုင်မြှောက်ချင်ပါတယ်။ သေချာပါတယ်။ ခင်ဗျားအနေနဲ့ တစ်ရာသီလုံးကြိုးစားပြီး နီးစပ်ခဲ့ပေမယ့် ဆုဖလားတစ်လုံးတော့ရခဲ့သင့်ပါတယ်။ အဲ့တာက ပရီးမီးယားလိဂ်ဖြစ်ဖြစ် အခြားဆုဖလားဖြစ်ဖြစ်ပါ။
အဲ့နောက် ကျွန်တော်တို့ ဆုဖလားမရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လာမယ့်ရာသီမှာ ပိုကြိုးစားရမယ်ဆိုတဲ့စိတ်ဖြစ်စေပါတယ်”လို့ ဆာကာက ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲဆက် အမှတ်လျော့ခဲ့ပြီး ဖူလ်ဟမ် နဲ့ အဲဗာတန်တို့ကို သရေကျခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆာကာက အာဆင်နယ်အနေနဲ့ လာမယ့်စနေနေ့ပွဲမှာ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ “ပြီးခဲ့တဲ့ ၂ ရာသီတုန်းက ကျွန်တော်တို့ နီးစပ်ခဲ့ပါတယ်။ အခုဆို ကျွန်တော်တို့ ချန်ပီယံလိဂ်ကိုပြန်ရောက်လာခဲ့ပါပြီ။ကျွန်တော်တို့မှာ အတွေ့အကြုံအချို့ရှိနေပါပြီ။ ကျွန်တော်တို့ ဆုဖလားတိုင်းအတွက် အဆင်သင့်ဖြစ်နေပါပြီ။ နောက်တစ်ဆင့်လည်း တက်ချင်နေပါပြီ။ တစ်ခုခုတော့ အောင်မြင်မှုရအောင် ကြိုးစားမှာပါ”လို့ ဆာကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။