
ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အယ်လ်ဟီလယ်
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာပဲ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
Sky Sports သတင်းဌာနရဲ့အဆိုအရ တော့တင်ဟမ်ကိုရှုံးနိမ့်ကာ ယူရိုပါလိဂ်ဆုဖလားနဲ့လွဲချော်ခဲ့တဲ့ ဖာနန်ဒက်စ်အနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အယ်လ်ဟီလယ်သို့ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် ဖာနန်ဒက်စ်ဟာ သူ့ရဲ့ကစားသမားဘဝကို ပိုမိုမြှင့်တင်နိုင်မှာမဟုတ်ပေမယ့် နောက်လမှာကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဆော်ဒီကလပ်နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အခွင့်အရေးရှိနေပါတယ်။
အယ်လ်ဟီလယ်အနေနဲ့လည်း ပေါ်တူဂီလက်ရွေးစင်ကို ဇွန်လ ၁ ရက်နဲ့ ၁၀ ရက်ကြားမှာပဲ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားလာနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ဖာနန်ဒက်စ်ကလည်း အသင်းက ထွက်ခွာဖို့ တောင်းဆိုလာပါက ထွက်ခွာသွားမှာဖြစ်ကြောင်းပြောကြားလာခဲ့ပြီး အာမိုရင်ရဲ့အသင်းအတွက် ဘဏ္ဍာရေးအကူအညီဖြစ်စေဖို့ ဆန္ဒရှိတယ်လို့လည်းဆိုပါတယ်။
လာမယ့်နွေရာသီမှာ ယူနိုက်တက်ဟာ အသင်းရဲ့ကစားသမားအတော်များများကို ရောင်းချနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဖာနန်ဒက်စ်ကို ဆော်ဒီပရိုလိဂ်သို့ရောင်းချပါက တန်ကြေးကြီးကြီးမားမားရရှိနိုင်တာလည်းဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် အယ်လ်ဟီလယ်အနေနဲ့ ပေါ်တူဂီသားကို ကလပ်ကမ္ဘာ့ဖလားမှာ အသုံးပြနိုင်ဖို့ရည်ရွယ်နေတာကြောင့် အပြောင်းအရွှေ့ကို စောစောစီးစီးပဲ အကောင်အထည်ဖော်လိုနေပါတယ်။
ဇွန်လ အမေရိကန်မှာ စတင်ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်ဟာ ရီးရဲလ်မက်ဒရစ်၊ ပါချူကာ၊ ဆဲလ်ဘတ်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရနိုင်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အက်စတွန်ဗီလာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြေကုန်ထုတ်ရုန်းသွားမှာဖြစ်လို့ အာမိုရင်ရဲ့အသင်းဟာ ခက်ခက်ခဲခဲယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။