ယူကရိန်းနဲ့ ပွဲမှာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပြီးနောက် လမ်းခရီးကြန့်ကြာမှုကို အပြစ်တင်လာတဲ့ ဘယ်လ်ဂျီယံနည်းပြ တီဒက်စကို
ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဘယ်လ်ဂျီယံဟာ ယူကရိန်းကို ၀-၀ နဲ့ သရေကျအောင်ကစားနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့သော်လည်း အသင်းနည်းပြ ဒိုမီနီကိုတီဒက်စကိုကတော့ သူ့ရဲ့အသင်းဟာ လမ်းခရီးကြန့်ကြာမှုကြောင့် ကွင်းတွင်းစွမ်းဆောင်ရည် ကျဆင်းခဲ့တယ်လို့ အကြောင်းပြချက်ပေးလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘယ်လ်ဂျီယံဟာ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်အတော်လေးညံ့ဖျင်းခဲ့ပြီး ယူကရိန်းဘက်မှ ဂိုးမသွင်းနိုင်အောင်သာ တစ်သင်းလုံးလိုလိုနောက်ဆင်းပြီး အသည်းအသန်ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြတီဒက်စကိုက ကွင်းသို့လာရောက်တဲ့ လမ်းခရီးမှာ နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်မလုံလောက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဒေသအတွင်းအဖွဲ့အစည်းကိုလည်း ပြစ်တင်ဝေဖန်လာခဲ့ပါတယ်။
တီဒက်စကိုက “ကျွန်တော်တို့တစ်ခါမှမဖြစ်ဖူးတဲ့ အခြေအနေကိုကျော်ဖြတ်ပြီးမှ ကွင်းထဲကိုရောက်ခဲ့ရပါတယ်။ ရဲအစောင့်အကြပ်တွေနဲ့အတူ ဟိုတယ်ကနေ ကွင်းကိုလာတဲ့လမ်းခရီးက ၁ နာရီလောက်ကြာပါတယ်။ လမ်းကလုံးဝရှင်းနေပေမယ့် သူတို့က တစ်နာရီကို ကီလို ၂၀ နှုန်းနဲ့မောင်းနှင်ခဲ့ကြပါတယ်။ မီးပွိုင့်တိုင်းကလည်း မီးနီနေပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ပြင်ဆင်စကားပြောဖို့ အချိန် ၂ မိနစ်ပဲရခဲ့သလို ကစားသမားတွေသွေးပူလေ့ကျင့်ခန်းဆင်းဖို့အချိန်ကိုလည်း လျှော့ချခဲ့ရပါတယ်။ တကယ်ကိုမယုံနိုင်စရာပါပဲ”လို့ စိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက အခုလိုလမ်းခရီးကြန့်ကြာမှုက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ထိခိုက်မှုဖြစ်စေကြောင်းကိုလည်း “ဒီမှာ အရာရာကိုခွင့်ပြုထားပါတယ်။ ကျွန်တော်တို့ပွဲအတွက် ၁ နာရီအထိ နောက်ကျလို့ရပေမယ့် ၁၅ မိနစ်ထက်ပိုပြီး နောက်မကျခဲ့ပါဘူး။ ဒါပေမယ့် ဒါက ကစားသမားတွေအတွက် ဒေါသထွက်စေသလို သူ့တို့ရဲ့စွမ်းဆောင်ရည်အပေါ်မှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘာပဲပြောပြော နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့လို့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့သော်လည်း ဘယ်လ်ဂျီယံပရိသတ်တွေကတော့ အသင်းရဲ့ကစားပုံကို စိတ်ကျေနပ်ခြင်းမရှိတာကြောင့် အော်ဟစ်ဆူညံခဲ့ကြပြီး ကစားသမားတွေကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင် ကယ်ဗင်ဒီဘရိုင်းက အသင်းဖော်တွေကို ကွင်းထဲမှာအောင်ပွဲမခံစေတော့ဘဲ ဥမင်လှိုဏ်ခေါင်းထဲသို့သာ တစ်ခါတည်းခေါ်ဆောင်သွားခဲ့ရပါတယ်။
နည်းပြ တီဒက်စကိုကတော့ ပရိသတ်တွေရဲ့တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ နားလည်ကြောင်းကို “ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ကစားပုံက နည်းနည်းထူးဆန်းခဲ့ပါတယ်။ ဒါပေမယ့် အသင်းအတွက်ကတော့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ပထမဆုံးပွဲမှာ ရှုံးနိမ့်ထားခဲ့လို့ ကျွန်တော်တို့အတွက် အချို့ကိစ္စတွေက မလွယ်ကူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၁ ဂိုး ပေးလိုက်ရတာနဲ့ ကျွန်တော်တို့ထွက်ရပါပြီ။ ပရိသတ်တွေကိုတာ့ ကျွန်တော်တို့အနေနဲ့ သူတို့ကိုလိုအပ်တယ်ဆိုတာကလွဲပြီး အခြားပြောစရာမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အုပ်စုဒုတိယနဲ့ ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်ခဲ့တဲ့ ဘယ်လ်ဂျီယံဟာ ယခုအခါမှာတော့ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံကို ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။