အသင်းလူစာရင်းပိုင်း အပြောင်းအလဲများစွာရှိမယ်ဆိုတာကို ကြိုတင်သိရှိထားတဲ့ ဘိုင်ယန်နည်းပြ ကွန်ပနီ
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်စတင်လာချိန်မှာပဲ နည်းပြသစ်ကွန်ပနီအတွက် အသင်းလူစာရင်းပိုင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ရောက်ရှိလာသလို အပြောင်းအရွှေ့တွေ၊ ကစားသမားရောင်းချမှုတွေ အမြောက်အများရှိလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေပါ ရှိနေပြန်ပါတယ်။
ဒီအခြေအနေအပေါ် ကွန်ပနီက “ကစားသမားရောင်းချမှုအပိုင်းက ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ ကျွန်တော်က အသင်းအတွက် ဒီနေရာမှာရှိနေတာပါ။ အသင်းမှာရှိတဲ့ ကစားသမားတိုင်းမှာလည်း အရည်အချင်းတွေ အများကြီးရှိပါတယ်။ အတိတ်မှာ အောင်မြင်မှုတွေရယူခဲ့ဖူးတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ အခုအချိန် အနာဂတ်အတွက်ပဲ ပြောရပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမား တစ်ဦးချင်းစီအကြောင်း မဆွေးနွေးချင်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်မဟုတ်ပါဘူး။ ကျွန်တော်က ဒီကောင်လေးတွေနဲ့ အလုပ်,လုပ်ချင်တာပါ။ ကစားသမားအားလုံးလည်း ဆာလောင်စိတ်တွေ ပြသနေတယ်လို့ ခံစားမိပါတယ်။ ကစားသမားတစ်ယောက်ချင်းစီအလိုက် အသေးစိတ်ဆွေးနွေးသွားဖို့ မရှိပါဘူး။ မဟုတ်ရင် ကျွန်တော်တို့ တစ်နေ့လုံးစကားထိုင်ပြောနေရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဘန်လေနည်းပြဟောင်းက “ကျွန်တော်တို့မှာ ခိုင်မာတောင့်တင်းတဲ့ အသင်းတစ်ခုတည်ဆောက်ဖို့ အခွင့်အလမ်းကောင်းရှိနေပါတယ်။ ကစားသမားသစ်တွေလည်း တက်နိုင်သမျှ အမြန်ဆုံးအထိုင်ကျဖို့ အရေးကြီးပါတယ်။ ကစားသမားဟောင်းတွေလိုပဲ ဒီကစားသမားသစ်တွေက အောင်မြင်မှုတွေ ယူဆောင်လာနိုင်စွမ်းရှိတယ်လို့ ယုံကြည်ခဲ့တာကြောင့် သူတို့ကို ကျွန်တော်တို့ ခေါ်ယူနေတာပါ။ အသင်းလူစာရင်းဆီ ခွန်အားတွေ၊ စွမ်းအင်တွေ သယ်ဆောင်လာနိုင်ဖို့က အရေးကြီးပါတယ်”လို့ ဆိုပါတယ်။
အသင်းအတွက်အားဖြည့်ရန်လိုအပ်နေတဲ့နေရာအကြောင်း သူ့ရဲ့ယူဆချက်ကို မေးမြန်းလိုက်ချိန် ကွန်ပနီက လူသိရှင်ကြားပြန်လည်ဖြေကြားသွားခြင်း မရှိပါဘူး။ ဒီအပိုင်းမှာတော့ ယခင်နည်းပြဟောင်းတူချယ်နဲ့ နည်းနည်းတော့ ကွာခြားပါတယ်။
အဆိုပါမေးခွန်းနဲ့ပတ်သက်လို့ ကွန်ပနီက “အဲ့ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အားကစားဒါရိုက်တာတွေဖြစ်တဲ့ မာ့ခ်အီဘယ်လ်၊ ခရစ္စတိုဖရိုင်တို့နဲ့ ခင်ဗျားတို့ သတင်းစာရှင်းလင်းပွဲလုပ်သွားရပါမယ်။ ကျွန်တော်ကတော့ ဘာမှပြောမှာမဟုတ်ပါဘူး။ အနာဂတ်မှာလည်း ဒီအတိုင်းပဲ ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်က ကစားသမားတွေနဲ့ ကလပ်အသင်းအကြီးအကဲတွေအကြား ချိတ်ဆက်ပေးရသူဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဘယ်လိုပဲဆိုဆို၊ ဘိုင်ယန်မြူးနစ်ကစားသမားစာရင်း အပြောင်းအလဲများစွာရှိလာနိုင်ပြီး ဒီကစားသမားအားလုံးကို ကွန်ပနီက ထိန်းကျောင်းပေးသွားရမယ်ဆိုတာ သေချာသလောက်ပါပဲ။