
ဟန်ဆီဖလစ်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ အလွန်နီးစပ်လာတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ အသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ အလွန်နီးစပ်နေပြီလို့သိရပြီး ဆွေးနွေးညှိနှိုင်းမှုတွေလည်း အလွန်အားကောင်းနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ဂျာမန်သားနည်းပြရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ နောက်ထပ် ၁ နှစ်ထပ်မံတိုးမြှင့်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဖလစ်အနေနဲ့လည်း ဘာစီလိုနာမှာ ဆက်လက်နေထိုင်လိုပေမယ့် ကာလရှည်စာချုပ်ချုပ်ဆိုဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
ဂျာမနီအခြေစိုက် Sky Sports သတင်းဌာနရဲ့ထုတ်ပြန်ချက်အရ ဘာစီလိုနာနဲ့ ဖလစ်တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေလို့ ဂျာမန်သားဟာ စပိန်မြေမှာ နောက်ထပ် ၂ နှစ်ဆက်လက်နေထိုင်သွားဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာဟာ ရနိုင်သမျှဆုဖလားအားလုံးကို သိမ်းပိုက်နိုင်မယ့်လမ်းကြောင်းပေါ်ရောက်နေတာကြောင့် ဖလစ်ရဲ့စွမ်းဆောင်ရည်အပေါ် အတော်လေးအားရကျေနပ်နေပြီး စာချုပ်သက်တမ်းတိုးမြှင့်ဖို့ကို ရာသီမကုန်ခင်မှာပဲ စတင်အကောင်အထည်ဖော်လာခဲ့တာဖြစ်ပါတယ်။
ဟန်ဆီဖလစ်ရဲ့အသင်းဟာ စပိန်စူပါဖလားကို ဆွတ်ခူးထားခဲ့ပြီးဖြစ်သလို၊ ကိုပါဒယ်ရေးဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွေကို တက်လှမ်းထားနိုင်ယုံမက လာလီဂါအမှတ်ပေးဇယားကိုလည်း ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားတာဖြစ်ပါတယ်။