The network connection is lost.

Banner Image

ဒီဂျောင်ဒဏ်ရာ ရရှိမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

ဘာစီလိုနာက အသင်းရဲ့အားထားရတဲ့ကွင်းလယ်လူ ဒီဂျောင်ကို ခြေကျင်းဝတ်ဒဏ်ရာပြဿနာ တစ်ခုကြောင့် ရက်သတ္တပတ်များစွာ လက်လွှတ်ဆုံးရှုံးရဖွယ် ရှိနေပြီး အချို့သုံးသပ်ချက်တွေအရ ကစားသမားဟာ နိုဝင်ဘာလအထိ နူးကမ့်ကလပ်နဲ့ပြန်လည်ပူးပေါင်းနိုင်ဖို့ မရှိဘူးလို့ သိရပါတယ်။
 
နည်းပြဇာဗီကတော့ ဒတ်ချ်ကွင်းလယ်လူရဲ့ဒဏ်ရာပြဿနာအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
 
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဇာဗီက “ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါ။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံနဲ့ သူရရှိနေတဲ့ခြေစွမ်းတွေကြောင့် ဒီဒဏ်ရာရရှိမှုအခြေအနေက ခက်ခဲကြမ်းတမ်းစေပါတယ်။ သူက ကျွန်တော်တို့အတွက် အဓိကကစားသမားတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ရာသီကတည်းက တကယ့်ကိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ဒီဂျောင်နေရာမှာ အစားထိုးဖို့ ရွေးချယ်စရာတွေ ရှိပါတယ်။ ဒါကြောင့် အသင်းအပေါ် အများကြီးမထိခိုက်စေဖို့ မျှော်လင့်မိပါတယ်။ အောက်တိုဘာနိုင်ငံတကာသီတင်းပတ်အပြီး သူ့ရဲ့အခြေအနေ ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ ပြောနိုင်တာ ဒါအကုန်ပါပဲ”လို့ ပြောပါတယ်။
 
Sport သတင်းဌာနရဲ့အဆိုအရ ဒီဂျောင်ဟာ ဘာစီလိုနာကစားသမားဘ၀ လေးရာသီအတွင်း ဒဏ်ရာပြဿနာကြောင့် ၁၆ ပွဲသာ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။ စိုးရိမ်စရာတစ်ခုကတော့ အဲ့ဒီပွဲစဉ် ၁၆ ပွဲမှာ ဘာစီလိုနာတို့ ခြောက်ပွဲသာ အနိုင်ရရှိခဲ့ပြီး ခုနစ်ပွဲအထိ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
 
ဒီဂျောင်ဒဏ်ရာရရှိနေချိန် ဘာစီလိုနာကစားသမားစာရင်းမှာ နည်းပြဇာဗီအတွက် အခြားရွေးချယ်စရာ ကစားသမားများစွာ ရှိနေပါတယ်။ လတ်တလောမှာ ဂမ်ဒိုဂန်၊ ဂါဗီ၊ ရိုမဲယူ၊ လိုပက်ဇ်နဲ့ ဆာဂျီရောဘတ်တိုတို့ ကြံ့ခိုင်မှုပြည့်ဝနေပြီး ဇာဗီက ဘယ်ကစားသမားကို ပွဲထွက်ခွင့်ပေးမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။