
အင်တာမီယာမီ ရှုံးနိမ့်နေချိန်မှာ ပီဇာစားနေတဲ့ မက်ဆီကို အတ္တလန္တာယူနိုက်တက်အသင်း လှောင်ပြောင်
အင်တာမီယာမီအသင်းဟာ အတ္တလန္တာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ၅-၂ ဖြင့်ရှုံးနိမ့်ပြီးနောက် မက်ဆီဟာ အတ္တလန်တာယူနိုက်တက်အသင်းထံမှ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။
စနေနေ့ညတွင် အင်တာမီယာမီအသင်းသည် အာဂျင်တီးနားအသင်းအတွက် နိုင်ငံပွဲစဉ်များသွားရောက်ကစားနေသော မက်ဆီမပါဝင်ဘဲ အတ္တလန္တာနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ အင်တာမီယာမီကိုရောက်ရှိပြီးကစားခဲ့သမျှ ၁၃ ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ပွဲစဉ်မှာ စပိန်ဝါရင့်ကစားသမား အယ်လ်ဘာလည်း ပျောက်ဆုံးနေခဲ့ပါတယ်။
အတ္တလန္တာအသင်းဟာ မူယမ်ဘာ၊ လန်နွန်၊ ဂီယာကူမာကစ်၊ ဝုဖ် တို့၏သွင်းဂိုးများအပြင် အင်တာမီယာမီအသင်းမှ မီလ်လာရဲ့ OG များမှတစ်ဆင့် ၅-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အင်တာမီယာမီအသင်းအတွက်ချေပဂိုးတွေကိုတော့ လီယိုနာဒို ကမ်ပါနာ ကပဲ ၂ ဂိုးစလုံးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့နိုင်ပွဲအပြီးမှာတော့ အတ္တလန်တာက မက်ဆီကို ကြမ်းကြမ်းတမ်းတမ်း ပုတ်ခတ်ဖို့ ရည်ရွယ်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က မက်ဆီ၏ ပီဇာမှာယူသော ဗီဒီယိုကို ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်တွင် တန်ပြန်အသုံးချပြီး လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
အတ္တလန္တာအသင်းဟာ ပီဇာပုံတစ်ပုံကို တည်းဖြတ်ပြီး ခရမ်းချဉ်သီးများကို အရှုံးသမားဟု အဓိပ္ပါယ်ရသည့် 'L' သင်္ကေတအဖြစ် ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည့်အပြင် စာတန်းတွင် “Acá tienen su pizza para el viaje” ဟု ဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ “ဒီမှာ မင်းသွားမယ့်ခရီးအတွက် ပီဇာရှိပြီ” ဟုဆိုလိုတာဖြစ်ပါတယ်။
အာဂျင်တီးနားဂန္ထဝင်ကစားသမား မက်ဆီသည် ပီအက်စ်ဂျီအသင်းထံမှ အင်တာမီယာမီသို့ ပြောင်းရွှေ့ရန် အံ့အားသင့်ဖွယ်ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ပုံစံကောင်းများ ပြသနေခဲ့ပါတယ်။ ယခုအချိန်အထိ ဘောလွန်းဒီအော် ခုနစ်ကြိမ်ရရှိခဲ့တဲ့မက်ဆီဟာ မိုင်ယာမီအခြေစိုက်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲ ကစားထားပြီး ၁၁ ဂိုး သွင်းယူကာ ၅ဂိုး ဖန်တီးပေးထားပါတယ်။
အင်တာမီယာမီသည် ကြာသပတေးနေ့တွင် တိုရွန်တိုအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် မက်ဆီပြန်လည် ပါဝင်လာနိုင်ကြောင်းသိရပါတယ်။