ချဲလ်ဆီးနောက်ခံလူ မက်ဆင်းကို အပြီးသတ်ခေါ်ယူလိုက်တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာဟာ ချဲလ်ဆီးနောက်ခံလူ အီရန်မက်ဆင်းကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။
ကစားသမားဟာ အက်စတွန်ဗီလာနဲ့ ၂၀၃၀ ခုနှစ်နွေရာသီအထိ လက်မှတ်ရေးထိုးခဲ့တာကြောင့် ၆ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ဖြစ်တယ်လို့သိရပါတယ်။ မက်ဆင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရဲ့ ဒုတိယရာသီဝက်မှာ ဒေါ့မွန်သို့အငှားနဲ့သွားရောက်ကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၆ ပွဲပါဝင်ကစားကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ခံလူဟာ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့တွေ့ဆုံခဲ့တဲ့ ဗိုလ်လုပွဲအပါအဝင် စုစုပေါင်း ၇ ပွဲအထိကစားခွင့်ရခဲ့ပါတယ်။
ဒေါ့မွန်အနေနဲ့ မက်ဆင်းကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ သဘောတူညီမှုပျက်ပြယ်ခဲ့တယ်လို့သိရပါတယ်။ ယခုလအစောပိုင်းမှာ ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၃၅ သန်းသာတန်ကြေးရှိသော်လည်း ယခုအခါမှာတော့ ချဲလ်ဆီးအနေနဲ့ ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို တိုးမြှင့်ထားပါတယ်။
ယခုလအတွင်းမှာ အက်စတွန်ဗီလာဟာ အဲဗာတန်မှ လူးဝစ်ဒေါ်ဘင်ကို ခေါ်ယူထားခဲ့တာကြောင့် မက်ဆင်းဟာ အသင်းရဲ့ ဒုတိယမြောက် ကစားသမားခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နယူးကာဆယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချဲလ်ဆီးအတွက် နောက်ဆုံးကစားခဲ့တဲ့ မက်ဆင်းဟာ ယခုအခါမှာတော့ သူ့ရဲ့ ၆ နှစ်တာချဲလ်ဆီးကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာနယ်သာလန် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်ရနေတဲ့ မက်ဆင်းဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ချဲလ်ဆီးစီနီယာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပေမယ့် လက်ရှိအချိန်အထိ စုစုပေါင်း ၁၆ ပွဲသာကစားခွင့်ရခဲ့ပါတယ်။
တောင်ပံနေရာမှာလည်း ခြေစွမ်းပြကစားနိုင်တဲ့ စွယ်စုံရနောက်ခံလူဟာ ယခုအခါမှာတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာဝင်ခဲ့တဲ့ အက်စတွန်ဗီလာနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။