The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အာဆင်နယ်ဟာ အဆင့်မြှင်တင်မှုတွေပြုလုပ်ဖို့ လိုအပ်နေသေးကြောင်း ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ဘိုလော့ဂ်နာနောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်သော်လည်း နည်းပြ အာတီတာကတော့ အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။

အမေရိကန်ရာသီကြိုခရီးစဉ်အတွင်းမှာ အာဆင်နယ်ဟာ လီဗာပူးနဲ့မကစားခင် ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ခြေစမ်းသွားရမှာဖြစ်ပါတယ်။ ယခုအခါမှာ အာတီတာက “ကျွန်တော်တို့ တိုးတက်ရပါမယ်။ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် ကွဲပြားတဲ့ စံနှုန်းတွေရှိနေဖို့လိုအပ်ပြီး ဒါတွေကို ရအောင်လုပ်သွားမှာပါ” “ကျွန်တော်တို့အခုလုပ်နေတဲ့ အရာအားလုံးကို အဆင့်မြှင့်တင်သွားရမှာပါ။ နယ်ပယ်တိုင်းမှာ တိုးတက်အောင်ပြုလုပ်ဖို့ ကြိုးစားနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘိုလော့ဂ်နာရဲ့ စွယ်စုံရနောက်ခံလူ ကာလာဖီအိုရီကို ယခုတစ်ပတ်အတွင်း အသင်းသို့အရခေါ်ယူနိုင်မလားမေးမြန်းခဲ့ရာ အာတီတာက “ကံမကောင်းစွာနဲ့ အခုချိန်အထိတော့ မခေါ်နိုင်သေးပါဘူး။ ဒါပေမယ့် အသင်းကို အခြားနေရာတွေမှာလည်း ပိုကောင်းအောင်လုပ်နိုင်ဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ဘူကာယိုဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ အာရွန်ရမ်စ်ဒေးတို့ကတော့ စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲအပြီးမှာကတည်းက အခုချိန်အထိ အာဆင်နယ်နဲ့ ပြန်လည်ပူးပေါင်းနိုင်ခြင်းမရှိသေးပါဘူး။

ဆာကာနဲ့ပတ်သက်ပြီး အာတီတာက “သူ့ရဲ့အခန်းကဏ္ဍက အဆက်မပြတ်ကြီးထွားဖွံ့ဖြိုးနေပြီး သူက ကျွန်တော်တို့အတွက်သာမက နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ အလွန်အရေးကြီးတဲ့ကစားသမားပါ” လို့ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို စပိန်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သော်လည်း စပိန်သား အာတီတာကတော့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းမှာ သူ့ရဲ့အသင်းသားတွေလည်းပါဝင်တာကြောင့် ခံစားချက်တွေ ရောထွေးခဲ့တယ်လို့ ဝန်ခံလာခဲ့ပါတယ်။

အာတီတာက “ကျွန်တော့်နိုင်ငံအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒီဆုဖလားကို ရဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ယုံကြည်ချက်ရှိခဲ့ပေမယ့် ဒီကစားသမား မျိုးဆက်ရောက်မှ ရရှိခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ချစ်တဲ့ ကလပ်ရဲ့ကစားသမားတွေကလည်း ဒီဖလားကို လိုချင်ခဲ့ကြတာကြောင့် သူတို့အတွက်တော့ ခက်ခဲတဲ့အခိုက်အတန့်ဖြစ်ခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။