The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို ဘာနေဗြူးမှာ အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ရင့်ကျက်မှုကို အာတီတာ ချီးကျူး

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တာဟာ အသင်းရဲ့ ရင့်ကျက်မှုကို ပြလိုက်တာပဲလို့ ပြောလိုက်ပါတယ်။ ဒီအောင်ပွဲဟာ အာဆင်နယ်ကို ဥရောပရဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းအဖြစ် သက်သေပြလိုက်သလို၊ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုလည်း တက်လှမ်းနိုင်စေခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့ကို အမ်းမရိတ်ကွင်းမှာ ကစားတော့ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဆိုတဲ့ အံ့အားသင့်ဖွယ်ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ 

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာက ဒုတိယအကျော့မှာ Comeback လုပ်တတ်တဲ့ အသင်းဆိုတာ လူတိုင်းသိကြပါတယ်။ ဒါကြောင့် ဒုတိယအကျော့အတွက် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို သွားရောက်ယှဉ်ပြိုင်တဲ့အခါ အာဆင်နယ်အတွက် စိန်ခေါ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ကစားသမားတွေဟာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ကစားခဲ့ကြပါတယ်။ ပွဲအစောပိုင်းမှာ ဘူကာယိုဆာကာ ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပေမဲ့ သူကပဲ အသင်းအတွက် အလွန်အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ပွဲပြီးခါနီးမှာတော့ ဂါဘရီရယ်မာတင်နယ်လီက နောက်တစ်ဂိုး ထပ်သွင်းပြီး အာဆင်နယ်ရဲ့ နိုင်ပွဲကို ပြတ်သားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဆင်နယ်ဟာ ဒုတိယအကျော့ကို ၂-၁ နဲ့ ထပ်နိုင်ပြီး နှစ်ကျော့ပေါင်း ၅-၁ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

ပွဲအပြီးမှာ အာတီတာက "ကျွန်တော်တို့ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ အခု ကျွန်တော်တို့မှာ အရှိန်အဟုန်ကောင်း ရနေပြီဖြစ်လို့ ဒီအတိုင်း ဆက်လက်လုပ်ဆောင်သွားရပါမယ်။ ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ ဒါဟာ ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက် တက်ရောက်နိုင်တာဖြစ်ပြီး၊ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်နိုင်ခဲ့တဲ့ ပုံစံနဲ့ နည်းလမ်းအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံကြောင့်သာမကဘဲ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့တဲ့ အခြေအနေကြားက လုပ်နိုင်ခဲ့တာကြောင့်လည်း ဂုဏ်ယူပါတယ်" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အာတီတာက"သူတို့ (ရီးရဲလ်) ဟာ ရှုပ်ထွေးမှုတွေနဲ့ ယုံကြည်မှုကို ဖန်တီးရာမှာ အထူးကျွမ်းကျင်သူတွေပါ။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေက သူတို့ရဲ့ ရင့်ကျက်မှုကို ပြသခဲ့ပြီး ဒါဟာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ညတစ်ညပါပဲ" လို့ ဆိုပါတယ်။အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာပါ။